လူနာအပေါ် ရင့်သီးစွာဆက်ဆံပါက အရေးယူမည်ဟု မွန်ပြည်နယ် လူမှုရေးဝန်ကြီးပြော
DVB
·
March 2, 2019
မွန်ပြည်နယ် ပြည်သူ့ဆေးရုံတွေမှာ လူနာတွေအပေါ် ရင့်သီးစွာ ဆက်ဆံတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို စုံစမ်းဆေးစစ်မှုတွေ လုပ်ဆောင်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောပါတယ်။
မတ်လ ၁ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးရဲ့ ပြည်သူ့ ဆေးရုံတွေမှာ လူနာနဲ့ လူနာရှင်တွေအပေါ် ရင်သီးစွာ ပြောဆိုတဲ့ ဆက်တံ ဝန်ထမ်းတွေကို ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲ မေးခွန်အပေါ် ဝန်ကြီးက ဖြေဆိုခဲ့တာပါ။
တိုင်ကြားမှုကို လက်ခံရရှိပါက ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရင်သီးစွာ ဆက်ဆံကြောင်း စစ်ဆေးပေါ်ပေါက်ရင် ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေးယူမယ်လို့ ဆိုပါတယ်။
ဒါအပြင် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လူနာတွေအပေါ် နွေးထွေးပျူငှာစွာ ဆက်ဆံဖို့ကိုလည်း ညွှန်ကြားစာတွေ ပေးပို့ထားတဲ့အပြင် ပြည်သူ့ဆေးရုံတွေကိုလည်း ပုံမှန် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။