လောပိတရေအားလျှပ်စစ် စီမံကိန်းတလျှောက်ရှိ မြေမြှုပ်မိုင်းများ ဖယ်ရှားပေးရန် တောင်းဆို
နော်နိုရင်း
·
October 4, 2012
လုံခြုံရေးအကြောင်းပြုပြီး ကယားပြည်နယ်တွင်းက လောပိတရေအားလျှပ်စစ် စီမံကိန်း တလျှောက် မြှုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပေးဖို့ ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
လောပိတရေအားလျှပ်စစ် စီမံကိန်းတလျှောက်မှာ မြေမြှုပ် မိုင်းတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိတဲ့အတွက် ဖယ်ရှားပေးဖို့ တောင်းဆိုရတာလို့ ကယားပြည်နယ် လူမှုအဖွဲ့အစည်းကွန်ရက်က ပြောပါတယ်။
လက်ရှိအစိုးရနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲထားပြီဖြစ်လို့ လူထုတွေကို ထိခိုက်ပျက်စီးမယ့် မြေမြှုပ်မိုင်းကို ဖယ်ရှားပေးဖို့ တောင်းဆိုရတာလို့ ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက်အဖွဲ့ဝင် ကိုမီးရယ်က ပြောပါတယ်။
“ဘာလို့တောင်းဆိုလဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေလုပ်နေပြီ၊ ငြိမ်းချမ်းရေးတွေဖြစ်လာတော့မယ့်အခါ တာဝါတိုင်က ဘယ်သူမှ ဖျက်ဆီးတော့မှာ မဟုတ်ဘူးလေ။ တာဝါတိုင်အောက်မှာ မိုင်းတွေရှိထားတော့ ကိုယ့်ပြည်သူလူထုတွေ၊ ပြည်သူလူထုရဲ့ တိရစ္ဆာန်တွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်တာပေါ့လေ။ သူတို့က သေချာမကာထားဘူး။ တိရစ္ဆာန်တွေ သွားလာတဲ့အခါ နင်းမိရင်လည်း ကွဲတဲ့အချိန်ပြီးသွားတာမဟုတ်ဘူး။ ပိုင်ရှင် ကို လျော်ကြေးပြန်တောင်းတာမျိုး ရှိခဲ့တာပေါ့။ ဒါကြောင့် မလိုအပ်တော့ဘူးလို့ မြင် တယ်လေ။ ဒါကြောင့် ပြန်ရုပ်သိမ်းစေချင်တာ။”
လောပိတရေအားလျှပ်စစ် စီမံကိန်း တလျှောက်မှာရှိတဲ့ အဆောက်အအုံနဲ့ လျှပ်စစ်ကြိုးသွယ်တန်းရာ တာဝါတိုင်တလျှောက်မှာ လုံခြုံရေးအတွက် ဆိုပြီး မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူတွေ အသက် သေကျေတဲ့အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကိုမီးရယ်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ အတွင်းမှာ ရွာသားတွေရဲ့ နွားကိုထိပြီး နွားပိုင်ရှင်ကို စစ်တပ်ဘက်က လျော်ကြေးပြန်တောင်းတယ်။ နောက် ကလေး ၂ ယောက်က တာဝါတိုင်နားမှာ ငှက်လိုက်ပစ်ရင်း မိုင်းကိုတွေ့တော့ ကလေးဆိုတော့ နားမလည်ဘူးလေ၊ မိုင်းကို သွားကိုင်ဆွဲထုတ်လိုက်တော့ ၁ ယောက်က ပွဲချင်းပြီးသေခဲ့တယ်။ ဒီလိုမျိုး ပြဿနာတွေ ရှိခဲ့ပါတယ်။”
ဒါ့အပြင် ဘာအကြောင်းကြောင့်ဖြစ်စေ မိုင်းပေါက်ကွဲရင် မိုင်းတန်ဖိုးကို ဒေသခံပြည်သူတွေ က ပေးလျော်နေကြရတယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကထွက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို မန္တလေး - တောင်ကြီးကို ၁ လိုင်းနဲ့ တောင်ငူ - ရန်ကုန်ကို ၁ လိုင်း သွယ်တန်းထားပါတယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေကတော့ လျှပ်စစ်မီးလုံလောက်စွာ ရရှိခြင်းမရှိပါဘူး။
လောပိတ ရေအားလျှပ်စစ် စက်ရုံကို ၁၉၅၀ ပြည့်နှစ်မှာ စတင်ခဲ့ပြီး အဆင့် ၂ ဆင့်နဲ့ ဆောက်လုပ်ခဲ့ပါတယ်။ ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းတွေကို ၁၉၆၀ ပြည့်နှစ်မှာ ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်ကတော့ ၁၉၇၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။