အမေရိကန်နှင့်ထိပ်သီးဆွေးနွေးပွဲအကြောင်း မြောက်ကိုရီးယား ရှင်းလင်း

677
မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားဘက်က လက်တွေ့ကျတဲ့ အဆိုပြုချက်ကို ကမ်းလှမ်းပေမယ့် အမေရိကန်အစိုးရက ယုံဗြန် နျူဒုံးကျည် ထုတ်လုပ်စခန်း ဖျက်သိမ်းတာထက် ပိုမိုလုပ်ဆောင်ဖို့ တောင်းဆိုတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးက ဒီနေ့ ပြောကြားပါတယ်။
အမေရိကန်က မြောက်ကိုရီးယားဘက်ကို ပလူတိုနီယံနဲ့ ယူရေနီယံအပါအ၀င် နျူဒုံးကျည် ထုတ်လုပ်ရေး အားလုံး ထာဝရဖျက်သိမ်းရမယ်ဆိုပြီး ကမ်းလှမ်းတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြောပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ အမေရိကန်အစိုးရကို ဒဏ်ခတ်မှု အလုံးစုံ ရုပ်သိမ်းပေးဖို့ မဟုတ်ဘဲ တစိတ်တပိုင်း ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရီက ပြောပါတယ်။
ဒီအချက်ဟာ အစောပိုင်းက သမ္မတ ထရမ့်ပြောကြားတာနဲ့ ကွဲလွဲဆန့်ကျင်နေပါတယ်။ မြောက်ကိုရီးယားဘက်က အမေရိကန် ဦးဆောင်တဲ့ အရေးယူ ဒဏ်ခတ်တာတွေ ရုပ်သိမ်းရေးလို လက်ခံနိုင်စရာ မရှိတဲ့ တောင်းဆိုမှုတွေကြောင့် ထိပ်သီးဆွေးနွေးပွဲကနေ လှည့်ပြန်ခဲ့တယ်လို့ သမ္မတ ထရမ့်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောပါတယ်။