Home
မြန်မာသတင်း
ဖားကန့်တွင် မြေပြို၍ အိမ်ပေါင်း ၈၀ ကျော် ရေထဲမျောပါ ပျက်စီး
နန်းမြနဒီ
·
October 4, 2012
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူအုပ်စု ဖားပြင်ရွာမှာ မိုးတွေ ဆက်တိုက်ရွာပြီး   မြေဇာပုံတွေ ပြိုကျလာတဲ့အတွက် လူနေအိမ်ခြေနဲ့ ဘုရားရှိခိုးကျောင်း ၈၀ ကျော် ရေထဲမျောပါ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီလောက်က  ကျောက်တူးကုမ္ပဏီက ပုံထားတဲ့ မြေဇာတွေ ဖားပြင် ရပ်ကွက် ၄ အပေါ်ဘက်က ချောင်းရေထဲကို ပြိုကျလာတဲ့အတွက် အဲဒီအနီးတ၀ိုက်က အိမ်တွေ ပြိုကျပျက်စီးကုန်တာလို့ ဖြစ်စဉ်ကို သွားကြည့်ခဲ့တဲ့ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုနောင်လတ်က ပြောပါတယ်။ “ရတနာတောင်တန်းကုမ္ပဏီက မြေစာတွေက ပြိုတယ်။ ပြိုပြီး ရွှေတိုင်းကုမ္ပဏီထဲပြိုကျတာ။ ရေကန်ထဲပြိုကျတယ်၊ ရေကန်ထဲကရေတွေက သံလွင်ဧရာဘက်ကိုသွားပြီးတော့ သံလွင်ဧရာဘက်မှာလည်း ရေလမ်းတွေပိတ်နေတာ၊ အဲကနေ လျှံကျတာ။ မြောင်းကြီးကနေ လျှံကျတာ။ မိုးအရမ်းကြီးတော့ တောင်ကျရေနဲ့အတူ ရောပြိုလာတာ။ အဲမှာ အောက်မှာခံထားတဲ့ ကျောက်တူးလို့ပေါ်နေတဲ့ ရေကန်ကနေ ရေတွေပြန်လျှံထွက်တာပေါ့။” ချောင်းရေစီးအလွန်သန်တဲ့အတွက် အိမ်ခြေ ၂၆ လုံး အလုံးလိုက်ကျွတ်ထွက်သွားပြီး သုံးလို့မရအောင် ပျက်စီးသွားတာက  ၅၆ လုံး၊  စုစုပေါင်း ၈၂ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ရိုမန်ကက်သလစ် (အာစီ) ဘုရားရှိခိုးကျောင်းဝင်းတခုလုံးရေလွှမ်းသွားပြီး ကျောင်းဆောင် ၂ ခု ပျက်စီးသွားတယ်လို့ ကိုနောင်လတ်က ပြောပါတယ်။ မြေပြိုပြီး ရေလွှမ်းမှုကြောင့် လူအသေအပျောက်မရှိပေမယ့် နှလုံးရောဂါ အခံရှိသူ အဘွားအိုတဦးကတော့ ထိတ်လန့်ပြီး   သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အိမ်ရာမဲ့ဘ၀ရောက်သွားတဲ့ ဒုက္ခသည်ပေါင်း ၅၀၀ ကျော်ဟာ ဖားပြင်ကျောင်းတိုက်မှာ ခိုလှုံနေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေက မြေတူးစက်နဲ့ ရေနုတ်မြောင်းတွေဖော်ပြီး သန့်ရှင်းရေးလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ တချို့အိမ်တွေကို ပြန်ပြီး ဆယ်ယူနေကြပေမယ့် နဂိုအတိုင်းပြန်ကောင်းဖို့တော့ မလွယ်တော့ဘူးလို့ ကိုနောင်လတ်က ပြောပါတယ်။ ဖားကန့်မြို့ပေါ်မှာတော့ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၉ ထောင်လောက် ခိုလှုံနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024