Home
မြန်မာသတင်း
တန့်ယန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်း မီးလောင်
နန်းမြနဒီ
·
February 28, 2019
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ မနေ့ညက ဘုန်းတော်ကြီးကျောင်းတကျောင်း မီးလောင်ပြာကျသွားပါတယ်။ အဆိုပါ ကျောင်းတိုက်ဟာ နမ့်ဟူးလွိုင်ကျေးရွာအုပ်စု လူင်ယန်းကျေးရွာမှာရှိပြီး နေရောင်ခြည်သုံး ဆိုလာပြားမီးကို အသုံးပြုရာက အခန့်မသင့်ဘဲ မီးလောင်ကျွမ်းခဲ့တာလို့ မီးဘေးသင့်သံဃာတွေကို သွားရောက်ကူညီခဲ့တဲ့ လွိုင်ကာခမ်းကျောင်းတိုက်ဆရာတော် ဦးပညာနန္ဒက ဒီဗွီဘီကို မိန့်ပါတယ်။ “မီးက မနေ့ည ၈ နာရီခွဲလောက်က စလောင်တယ်လို့ သိရတယ်။ ဆရာတော်တို့ ကျောင်းတိုက်နဲ့က ကျေးရွာအုပ်စု တခုတည်းဆိုပေမယ့် ၅ မိုင်လောက်ဝေးတော့ မနေ့ညက မသွားကြည့်လိုက်ရဘူး၊ ကနေ့မနက်မှ ရောက်သွားတော့ ကျောင်းတိုက်တခုလုံးပြာကျနေပြီ၊ ကျောင်းတိုင်တွေလည်း ငုတ်တိုတွေဖြစ်၊ သွပ်ပြားတွေလည်း အကုန်လောင်၊ ဘုရားဆင်းတုတော်တွေရော၊ ရှေးပုရပိုဒ်စာတွေ၊ တရားစာအုပ်တွေ အကုန်ဘာမှ မကျန်တော့ဘူး။ မနေ့ညက ကျောင်းထိုင်ဆရာတော်က သံဃာတွေ စာချပြီး အိပ်ခန်းထဲဝင်တဲ့ခါ ခဏနေ မီးလောင်တဲ့အသံ ပေါက်ကွဲတဲ့အသံတွေကြားရတယ်။ ကြည့်လိုက်တော့ အိပ်ခန်းခေါင်မိုး ကျောင်းဆောင်ရဲ့ ပြဿာဒ်အပိုင်းဘက်မှာ မီးတွေလောင်နေပြီ။ ဆိုလာပြားက ပြဿာဒ်နားမှာ ထောင်ထားတာလို့ ပြောပါတယ်။ ဆရာတော်လည်း လွတ်အောင်ဆင်းပြေးပြီး ဘာမှမရလိုက်ဘူး။ ကိုရင်တချို့တော့ ကိုယ်ပိုင်ပစ္စည်းတချို့ယူပြီး ကျောင်းပြူတင်းပေါက်ကနေ ခုန်ချကြတယ်တဲ့။” အဆိုပါ ကျေးရွာမှာ တန့်ယန်းမြို့နဲ့ ၆ မိုင်လောက်သာ ကွာဝေးပေမယ့် တောလမ်းခရီးကြမ်း ဖြတ်ရတာကြောင့် မြို့ပေါ်က မီးသတ်ကားရောက်လာချိန်မှာတော့ အားလုံးနီးပါး လောင်ကျွမ်းပြီဖြစ်ကြောင်း၊ မီးအရှိန်က ပြင်းလွန်းပြီး ကျောင်းဝင်းအနီး သစ်ပင်တွေထိပါ အပူတွေဟပ်နေတော့ ရွာသားတွေလည်း အနီးမကပ်နိုင် ဖြစ်ရတယ်လို့ ဆိုပါတယ်။ မီးလောင်သွားတဲ့ကျောင်းတိုက်မှာ ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုး နှစ်ထပ်ကျောင်းဆောင်၊ ရှေးဟောင်းဘုန်းကြီးကျောင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏတော့ တွက်ဆလို့ မရကြောင်း၊ ကျောင်းထိုင်ဆရာတော်ရဲ့ ငွေသား ၁၆ သိန်းတော့ မီးထဲပါသွားတယ်လို့ ဆိုပါတယ် ။ အဆိုပါ ကျောင်းတိုက်မှာ သံဃာနဲ့ ကိုရင် စုစုပေါင်း ၁၀ ပါးရှိပြီး လုံယန်း၊ နမ့်ပွန်း၊ ဟွေ့အော့ စတဲ့ ရွာသုံးရွာက လာရောက်ဖူးမြော်လှူဒါန်းနေကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024