နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဆန္ဒပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 28, 2019
မြေကျူးကျော်မှုဖြေရှင်းပေးဖို့နဲ့ နွားထိုးကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို ဥပဒေအရ အရေးယူပေးဖို့ ဒီကနေ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်မှာ သားအမိ နှစ်ယောက်က လာရောက် ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရှော်ဖြူတောင်ရွာ နေထိုင်သူ ဒေါ်တင်ဆန်းက သူ့ပိုင်ဆိုင်တဲ့ ခြံဝန်းမြေကို ကျူးကျော်ခံရတဲ့အပြင် သက်ဆိုင်ရာကို တိုင်ကြားရာမှာလည်း ဖြေရှင်းပေးခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်က ခြိမ်းခြောက်ခဲ့လို့ နေပြည်တော်မှာ လာရောက် ဆန္ဒပြတာဖြစ်တယ်လို့ ကာယကံရှင်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူ ဒေါ်တင်ဆန်းက “ကျမတို့က ကျမတို့ ပိုင်တဲ့ မြေကို ကျူးကျော်လာတာကို မကျေနပ်လို့ တိုင်တာပါ။ တိုင်တာကို ဖြေရှင်းမပေးပဲနဲ့ ကျူးကျော်တဲ့ သူဘက်ကို ဘက်လိုက် ပြောဆို ခြိမ်းခြောက်လာတာကို မကျေနပ်လို့ အခုလို ဆန္ဒထုတ်ဖော်တာပါ။”လို့ ပြောပါတယ်။
မိမိပိုင်နက်ကို ကျူးကျော်ခြံခတ်ပြီး ဓါးကိုင် ကြိမ်းဝါး ခြိမ်းခြောက်သူကို အရေးယူပေးဖို့၊ သောက်စားမူးယစ်ပြီး ကြိမ်းဝါး ပြောဆိုသူတွေကို အရေးယူပေးဖို့၊ တိုင်ကြားစာတွေကို ဖျောက်ဖျက်ပြီး တိုင်ကြားသူကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတာကို အရေးယူပေးဖို့လည်း ဆန္ဒပြသားအမိက တောင်းဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဇန်န၀ါရီ ၁၈ ရက်ကလည်း ပထမအကြိမ်ဆန္ဒပြခဲ့ပေမယ့် ခုအချိန်အထိ ဖြေရှင်းပေးတာ မရှိသေးလို့ အခုလို ထပ်မံပြီး ဆန္ဒထုတ်ဖော်ရတာလို့လည်း ပြောပါတယ်။