သာယာဝတီအကျဉ်းထောင်အတွင်း စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
February 28, 2019
သာယာဝတီအကျဉ်းထောင်အတွင်း အကျဉ်းသားတွေဆီက စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀ လောက်ကို မနေ့က ဖမ်းဆီးရမိပါတယ်။
သာယာဝတီထောင်အတွင်းမှာ အကျဉ်းသားအချင်းချင်း မူးယစ်ဆေး အရောင်းအ၀ယ်ပြုရာကနေ အဝေမတည့်ဖြစ်ပြီး သတင်းထွက်လာလို့ အကျဉ်းထောင်ဦးစီးအရာရှိ ဦးလှဝင်းချို နဲ့ အဖွဲ့က ၀င်ရောက်စစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာလို့ သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူတဦးက ပြောပါတယ်။
ထောင်တာဝန်ရှိသူတွေ အိပ်ဆောင်အမှတ် ၅ အခန်း ၂ မှာ ဝင်ရောက်ရှာဖွေရာ ထောင်ဒဏ်တသက် လွတ်ရက်မရှိ ကျခံနေရသူ အကျဉ်းသား သိန်းထက်ဦးဆီကနေ စအိုအတွင်း ထည့်ထားတဲ့ wy စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၆ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား နဲ့ ပြစ်ဒဏ် ၁၀ နှစ်ကျခံနေရသူ အကျဉ်းသား ကပ်ပရယ်ဒူလ္လာရဲ့ စအိုအတွင်းမှာ အပြာရောင် ပလတ်စတစ်နဲ့ ပတ်ထားတဲ့ wy စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား ရှာဖွေဖမ်းဆီးရမိခဲ့တာပါ။
သာယာဝတီ ထောင်အတွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက် တနေ့တည်း မနက်တကြိမ်၊ ညနေပိုင်းတကြိမ် ၂ ကြိမ် ဖမ်းဆီးရမိခဲ့တာပါ။
မနက်ပိုင်းကလည်း မူးယစ်ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၅၀ ကျခံနေရသူ အိုက်ပွဲ (ခ) စိုင်းပွ ထံမှ wy စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား ဖမ်းဆီးရရှိခဲ့ပါတယ်။
သာယာဝတီထောင်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေကြသူ အကျဉ်းသား ၅ ဦး အား အရေးယူပေးဖို့ သာယာဝတီအကျဉ်းထောင် ဦးစီးအရာရှိ ဦးလှဝင်းချိုက တရားလိုပြုလုပ်တိုင်တန်းလာလို့ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့က မူး/စိတ် ပုဒ်မ ၁၉(က) /၂၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ဝဏ္ဏထွန်း