Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းစိုက်ဘဏ် ၀န်ထမ်းအင်အား မလုံလောက်ဟု ဘဏ်တာဝန်ရှိပြော
Aung Ko Latt
·
February 28, 2019
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လွန်ခဲ့တဲ့ အနှစ် ၃၀ က ပုံစံအတိုင်း လည်ပတ်နေရပြီး ၀န်ထမ်းအင်အား မလောက်ငတာကြောင့် အခက်အခဲရှိနေတယ်လို့ စစ်ကိုင်းတိုင်း စိုက်ဘဏ်တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ မြို့နယ်ရှိရာမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ ၃၂ ခုကနေ စိုက်ပျိုးစရိတ်ချေးငွေတွေဖြစ်တဲ့ မိုး၊ ဆောင်း၊ မိုးကြို စတဲ့ သီးနှံတွေအတွက် ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ တနှစ်ထက် တနှစ် စိုက်ပျိုးစရိတ်ချေးငွေပမာဏတွေ များပြားလာသလို ဘဏ်ခွဲ လိုအပ်ချက်တွေရှိနေပြီး ဝန်ထမ်းအင်အားကလည်း တတိုင်းလုံးမှာမှ အယောက် ၃၅၀ ဝန်းကျင်သာ ရှိတဲ့အတွက် အခက်အခဲရှိနေတယ်လို့ တိုင်းစိုက်ဘဏ် မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောပါတယ်။ “ဝန်ထမ်းအင်အားကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကရှိတဲ့ ဖွဲ့စည်းပုံအတိုင်းပါ။ ချေးငွေ ပမာဏနဲ့ဆိုရင် တော်တော်လေး နည်းနေပါတယ်။ ဝန်ထမ်းအင်အားဖွဲ့စည်းပုံတိုးချဲ့ပေးဖို့ အထက် အဆင့်ဆင့်ကို တင်ထားပြီးဖြစ်ပါတယ်။ ပြီးတော့ ရုံးအသုံးစရိတ်ပေါ့။ ကျနော်တို့ ခရီးစရိတ်တွေ မလောက်ဘူး။ သွားဖို့လာဖို့ယာဉ်တွေ သိပ်မရှိဘူး။ ကွန်ပျူတာ လုံလောက်မှု မရှိသေးဘူး။ ဘဏ်ခွဲတိုင်းမရသေးဘူး။ ဒါကြောင့် အထောက်အကူပြုပစ္စည်းတွေ သူ့ဘဏ္ဍာရေးနှစ်အလိုက် တိုးပြီး ဖြည့်ဆည်းပေးရင် အားလုံးအဆင်ပြေသွားမှာပါ” လို့ စစ်ကိုင်းတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေက ဘဏ်အမည်ခံထားပေမယ့် တချို့ဘဏ်တွေမှာ ဘဏ်လို့ခေါ်လို့ မရအောင်တောင် ဝင်းခြံစည်းရိုးမလုံတာ၊ အဆောက်အဦတွေ မကောင်းတာ၊ ဝန်ထမ်းအင်အား မလုံလောက်တာ၊ ကွန်ပျုတာစနစ်ကို မသုံးနိုင်သေးဘဲ စာရွက်စာတမ်းတွေနဲ့သာ လည်ပတ်နေရတာ စတဲ့လိုအပ်ချက်တွေလည်း အများကြီး ရှိနေပါသေးတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွေကနေ လယ်အတွက် ၁ ဧကကို ၁ သိန်းကျပ်၊ ယာအတွက် ၁ ဧကကို ၁ သိန်းခွဲကျပ်စီ ထုတ်ချေးပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အချိန်စေ့ကြွေးကျန်အဖြစ် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ကြွေးကျန် ၁၂ ဘီလီယံကျော်ကို တောင်သူ ၂၅၀၀၀ က ပြန်ဆပ်ဖို့ ကျန်နေတာပါ။ ချေးငွေတွေပြန်လည်ရရှိဖို့ အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိမှာတော့ ကျေးရွာတွေကို ကွင်းဆင်းပြီး ကောက်ခံနေပါတယ်။ လက်ရှိအချိန်ထိ ၅.၃၂ ဘီလီယံကျော် ပြန်လည်ရရှိနေပြီး တောင်သူ ၁၂၈၀၀ ကျော်က ၇.၁ ဘီလီယံကျော် ကောက်ခံဖို့ ကျန်ရှိနေပါသေးတယ်။ အများဆုံးကတော့ ထီးချိုင့်မြို့နယ်ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ကြွေးကျန်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေဖြစ်တဲ့အတွက် မဆပ်မနေရ ဆပ်ရမှာဖြစ်တဲ့အပြင် တရားစွဲဆိုတာတွေလည်း မလုပ်လိုတဲ့အတွက် မတ်လမကုန်ခင် အမြန်ပြန်ဆပ်ကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအတွင်းမှာ စိုက်ပျိုးစရိတ်ချေးငွေတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၁၀၀ ကျပ်မှာ ၁ လကို ၆၇ ပြား၊ တနှစ်ကို ၈ ရာခိုင်နှုန်းနဲ့ မိုး၊ ဆောင်း၊ မိုးကြို သီးနှံတွေအတွက် ၂၀၃ ဘီလီယံ ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024