ပွင့်လင်းလူအဖွဲ့အစည်းခရီးစဉ် ဟောပြောပွဲအတွက် ဦးမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ စစ်ကောင်စီအကြီးအကဲဟောင်း ဦးသန်းရွှေရဲ့ဇာတိ ကျောက်ဆည်မြို့ ကို သွားရောက်ရာမှာ မြို့ခံတွေ ထောင်ချီပြီး ကြိုဆိုကြပါတယ်။
ကျောက်ဆည်မြို့ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အခြား စစ်ဗိုလ်ချုပ်တွေရဲ့ ဇာတိမြို့ ဖြစ်တဲ့အတွက် အကြောက်တရား ကြီးစိုးနေတဲ့အကြားက ကြိုဆိုကြတာ လို့ ဟောပြောပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူ ကျောက်ဆည်မြို့ခံ ကိုသံမဏီက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကျောက်ဆည်ဒေသခံတွေကို အကြောက်တရား မရှိဖို့နဲ့ ပြည်သူနဲ့ တပ်မတော်အကြောင်းတွေ ပြောဆို ဆွေးနွေး ခဲ့တယ်လို့ ကိုသံမဏိက ပြောပါတယ်။
“သူတို့ပြောတာက ကျနော်တို့ဆီမှာ အရင်ပုံရိပ်လက်ဟောင်းတွေ ကျန်နေတော့ မြို့သူမြို့သားတွေက နည်းနည်း အကြောက်တရားတွေရှိနေကြတယ်။ အရင်က ဦးသန်းရွှေမြို့လည်းဖြစ်ခဲ့တယ်။ နောက် ၀န်ကြီးတွေ အများကြီးကလည်း ပတ်သက်ရာ ပတ်သက်ကြောင်းတွေကများတော့ အဓိက သူတို့က ပြည်သူတွေဟာ လူ့အခွင့်အရေးရှိတဲ့အကြောင်း၊ ဆန္ဒထုတ်ဖော်ခွင့်တွေရှိတယ်ဆိုတာတွေကို အဓိကထားပြောသွားပါတယ်။”
ဒါ့အပြင် မြေယာသိမ်း၊ ပညာရေး၊ ကျန်းမာရေးအပြင် ဒေသခံအာဏာပိုင်တွေနဲ့ ဆက်ဆံရာမှာလည်း အခက်အခဲတွေရှိပုံကို ဆွေးနွေးကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဦးဂျင်မီက ပြောပါတယ်။
ကျောက်ဆည်မြို့ မြို့နယ်ခန်းမမှာ ဟောပြောပွဲ ပြုလုပ်ခွင့်ရခဲ့ပြီး ဒေသခံပြည်သူတွေဟာ ဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်နေကြတယ်လို့လည်း ကိုဂျင်မီက ပြောဆိုသွားပါတယ်။
“မြင်တွေ့ရတာက ပြည်သူတွေအားလုံး တက်ကြွနေတယ်၊ မျှော်လင့်ချက်တွေကြီးမားနေ ပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက်ရော၊ ဒီမိုကရေစီရေးအတွက်ရော ထည်ထည်ဝင်ဝင် ပါဝင်ပတ်သက်နိုင်ဖို့ အရမ်းကို အာသီသရှိနေတာ တွေ့ရပါတယ်။”
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦး လိုက်ပါလာတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့စည်း ခရီးစဉ်ကို မနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့မှာ ယင်းမာပင်၊ ရမည်းသင်းမြို့တွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဟောပြောပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။