ဘောလုံးသမားဘ၀ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ဂျာမန်လက်ရွေးစင်ဟောင်း မိုက်ကယ်ဘာလက် က မနေ့က ကြေညာလိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဘာလက်ဟာ အနားမယူခင် လေဗာကူဆန်အသင်း နောက်ဆုံး ကစားခဲ့ပြီး ကစားသမားဘ၀ကို အဆုံးသတ်သွားတာ ဖြစ်ပါတယ်။
ကွင်းလယ်ဖန်တီးရှင် ဘာလက်ဟာ အနားမယူခင်မှာ အမေရိကန်နဲ့ ဩစတြေးလျကို ပြောင်းရွှေ့ပြီး ဘောလုံးကစားတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေး တယ်။
သူဟာ ၁၉၉၉ ခုနှစ် လေဗာကူဆန်အသင်းမှာ ကစားတဲ့အချိန်မှာ ခြေစွမ်းပြ ကစားနိုင်လို့ ၂၀၀၂ မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ကစားတဲ့ ၃ ရာသီအတွင်း ကွင်းလယ်မှာ အဓိက မောင်းနှင်အား ဖြစ်ခဲ့ပြီး ဘွန်ဒတ်စ်လီဂါ ချန်ပီယံဖလားကို ၃ နှစ်ဆက်တိုက်ရအောင် ကူညီနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျာမန် ကွင်းလယ်သမားဟာ ၂၀၀၆ ရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ ချဲလ်ဆီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်နဲ့ အက်ဖ်အေဖလား ၃ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘာလက်ရဲ့ ချဲလ်ဆီးဟာ ၂၀၀၈ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားရဖို့ လက်တကမ်းအလို ဗိုလ်လုပွဲအထိ ရောက်ခဲ့ပြီးမှ ပြိုင်ဘက် မန်ယူကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
၂၀၁၀ ဘောလုံးရာသီမှာ ဒဏ်ရာတွေ ရုန်းကန်ခဲ့ရပြီးနောက် ချဲလ်ဆီးကနေ အသင်းဟောင်း လေဗာူကူဆန်ကို ပြောင်းရွှေ့သွားပြီး ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန် ကစားခဲ့ရတာပါ။
မိုက်ကယ် ဘာလက်ဟာ ဂျာမန် လက်ရွေးစင်အသင်းမှာ ကစားပေးတဲ့ ၁၉၉၉ ကနေ ၂၀၁၀ အထိ ပွဲပေါင်း ၉၈ ပွဲမှာ ၄၂ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ဂျာမဏီအသင်းကို ဦးဆောင်ပြီး ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ယူရို ၂၀၀၈ ဗိုလ်လုပွဲမှာလည်း ဘာလက် ဦးဆောင်တဲ့ ဂျာမဏီအသင်းဟာ စပိန်ကို အရှုံးပေးလိုက်ရပြီး ယူရိုချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။