လွတ်ငြိမ်းခွင့်ရ ဘင်္ဂလားနိုင်ငံသား ၄၃ ဦးကို ပြန်လည်ပို့ဆောင်
DVB
·
October 3, 2012
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦးကို တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လွှဲအပ်ဖို့ ဒီနေ့ ခေါ်ဆောင်သွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဒီနေ့ မနက် ၆ နာရီခွဲက မော်လမြိုင်ထောင်ကနေ လွှတ်လိုက်တာပါ။
သူတို့ကို ရခိုင်ပြည်နယ်စပ် ပို့ဆောင်ဖို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ လုံခြုံရေးတာဝန်ယူပြီး ပဲခူးအထိ ရွှေစင်စကြာ အဝေးပြေးကားနဲ့ ပို့ဆောင်ခဲ့ပါတယ်။
နေ့လယ်ပိုင်း ကားအပြောင်းအလဲလုပ်ဖို့ ပဲခူးကောလိပ်ရှေ့ ရပ်နားချိန်မှာ ပဲခူးမြို့ မွတ်ဆလင်ဘာသာဝင်တွေက ပဲခူးတိုင်း လ၀ကမှူးရဲ့ ခွင့်ပြုချက်နဲ့ အဲဒီလွတ်မြောက်လာတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ထမင်းထုပ်၊ ရေသန့်ဘူးတွေ ဝေငှခဲ့တယ်လို့ ကိုယ်တိုင်ထမင်းထုပ်ကူညီဝေငှခဲ့သူ ကိုဂျမားက ပြောပါတယ်။
ပဲခူးကနေ မျိုးဆက်သစ် အဝေးပြေးကားနဲ့ ပြည်-တောင်ကုတ်လမ်းအတိုင်း ရခိုင်ပြည်နယ်ကို လုံခြုံရေးအဖွဲ့တွေက ဆက်ခေါ်ဆောင်သွားပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းသွားမှာဖြစ်တယ်လို့ သိခဲ့ရကြောင်း ကိုဂျမားက ပြောပါတယ်။
လွတ်မြောက်လာကြတဲ့ ဘင်္ဂလားနိုင်ငံသား ၄၃ ဦးဟာ လွန်ခဲ့တဲ့ ၃ လလောက်က မလေးရှားကိုသွားဖို့ ရေလမ်းကခိုးထွက်လာကြရင်း မြန်မာရေပိုင်နက်ထဲ သောင်တင်ခဲ့တဲ့အတွက် မြန်မာလူဝင်မှုဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။