ဈေးကျလာနေတဲ့ စိတ်ကြွဆေးပြားတွေ

၂၀၁၀ ပြည့်နှစ်ခန့်က WY ပန်းရောင်ဆေးပြားတပြား၏ တန်ဖိုးသည် ကျောက်မဲမြို့ပေါ်တွင် အနည်းဆုံး ကျပ် ၃၀၀၀ ရှိခဲ့သော်လည်း ယနေ့တွင် ၃ ပြား ကျပ် ၂၀၀၀ နှင့် လိုသလို အချိန်မရွေး ဝယ်ယူနိုင်နေပြီဖြစ်သည်။ အဆိုပါနှုန်းထားမှာ လက်လီဈေးကွက်တွင် ရောင်းချလျက်ရှိသည့် နှုန်းထားဖြစ်ပြီး လက်ကားဈေးကွက်တွင်မူ များများယူလေ ဈေးနည်းလေဖြစ်ကြောင်း မူးယစ်ဆေးသုံးစွဲသူများက ဆိုကြသည်။ WY ထက် အာနိသင်ပိုမိုပြင်းသည့် ၈၈/၁ ဆေးပြားမှာ တပြားလျှင် ကျပ် ၁၅၀၀ ရှိနေ၏။ ပုံမှန်ဖောက်သည်ဆိုလျှင် တပြား ကျပ် ၃၅၀ အထိ ဝယ်ယူရရှိနိုင်ပြီး လက်ကားဈေးကွက်တွင် တပြားကို ၁၅၀ ကျပ်နှုန်းထိ ပေါကြွယ်ဝစွာ ဝယ်ယူရရှိနိုင်ကြောင်း မူးယစ်ဆေးရောင်းဝယ်သူများနှင့် သုံးစွဲနေသူများထံမှ သိရသည်။ ကျောက်မဲမြို့သည် မြန်မာနိုင်ငံတွင် မူးယစ်အိုးကြီးဟု နာမည်တပ်ရမည့် ရှမ်းပြည်နယ်အတွင်း တည်ရှိသော ခရိုင်မြို့နယ်တမြို့နယ်သာ ဖြစ်သည်။ ရန်ကုန်လိုမြို့ကြီးပြကြီးတွင် ၂၀၁၀ ပြည့်နှစ်ခန့်က WY တပြားကို ကျပ်၅၀၀၀ အထိ ဈေးကြီးပေးဝယ်ခဲ့ရသော်လည်း ယနေ့အချိန်တွင် ကျပ် ၁၀၀၀၊ ၈၈/၁ တပြားကို ကျပ် ၃၀၀၀ စသဖြင့် ဝယ်ယူရရှိနေပြီဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားတွင်လည်း အလားတူပင်ဖြစ်သည်။ ဆေးပြား အရည်အသွေးပေါ် မူတည်ပြီး တပြား ကျပ် ၅၀၀ မှ စတင်၍ တသောင်းဖိုး ၃ ပြားအထိ ဈေးပေါက်သည်။ ပြည်နယ်အတွင်း အခြားမြို့နယ်များတွင်မူ ၃၅၀ ကျပ်ထိ ဝယ်ယူရရှိနိုင်လျက်ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မူးယစ်ဆေးပေါကြွယ်ဝရာ တာချီလိတ်တွင်လည်း လက်ဘက်ရည်တခွက် ၁၀ ဘတ်ရှိမှသာ သောက်သုံးနိုင်သော်လည်း စိတ်ကြွဆေးပြားတပြားကိုမူ ၅ ဘတ်နှင့် သုံးစွဲနိုင်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ကျောက်မဲမြို့နယ် တောင်နောက်ကျေးရွာနေ စိတ်ကြွဆေး (လက်ကြီး) ရောင်းဝယ်သူ ဦးလှိုင်မောင်း ဆိုသူနှင့် ၎င်း၏ဇနီးကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ၎င်းထံမှ 88/1 စာတန်းပါ ဆေးပြား ၆ သောင်းကျော်နှင့် WY ဆေးပြား  တသောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် အဆိုပါဆေးပြားများကို တန့်ယန်းမြို့နယ်အတွင်းမှ တပြားကို ၁၇ ကျပ်ခန့်နှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြားများ စတင်ဝင်ရောက်လာစဉ်က တပြားကို ကျပ် ၇၀၀၀ ထိ ဈေးနှုန်းကြီးမြင့်ခဲ့ဖူးကြောင်း မြန်မာနိုင်ငံ မူးယစ်ဆန့်ကျင်ရေးအသင်း MANA ၏ တာဝန်ရှိသူတဦးဖြစ်သူ ဦးမောင်မောင်လွင်က ပြောပြသည်။ "တံဆိပ်ပေါင်းစုံနှင့်လာကြသည်" ရာမ/ရာဘ/ရှဘူး/စပိ/မြင်းဆေး စသဖြင့် အမျိုးမျိုးခေါ်ကြသည့် စိတ်ကြွဆေးပြားများကို မြန်မာနိုင်ငံတွင် ၁၉၉၆ မှစတင်၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းမှသာ နိုင်ငံတွင်း စိတ်ကြွဆေးပြား သုံးစွဲလျက်ရှိကြောင်း သိရှိခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆိုသည်။ ၁၉၉၆ ခုနှစ်မတိုင်ခင်ကမူ စိတ်ကြွဆေးပြားအနေဖြင့် မရှိဘဲ အိမ်သုံးဆေးဝါး အနေဖြင့်သာ တည်ရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း MANA က ပြောပြသည်။ မူလက ဝ ဒေသမှ ဆုငွေထုတ်ခံထားရသူ မူးယစ်ရာဇာ ဝေရှောက်ခမ်တို့ ထုတ်လုပ်သည်ဟုဆိုသော WY တံဆိပ် ဆေးပြားများသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရှမ်းပြည်နယ် နေရာအစုံမှ ထွက်ပေါ်လာခဲ့သော တံဆိပ်ပေါင်းစုံတပ် စိတ်ကြွဆေးပြားများကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိသည့် အချက်အလက်များအရ ယနေ့အချိန်အထိ စိတ်ကြွဆေးပြား အမျိုးအစားပေါင်း ၄၀ ထက်မနည်း ဖမ်းဆီးရမိဖူးကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏မှတ်တမ်းတွင် စာရင်းပြုစုထားကြောင်း မတွေ့ရသည့် ဆေးပြားအမျိုးအစား အနည်းငယ်ကိုလည်း ဈေးကွက်အတွင်း တွေ့ရသည်။ သို့သော် ဈေးကွက်အတွင်း အသုံးအများဆုံးနှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိမှု အများဆုံး ဆေးပြားအမျိုးအစားမှာ WY တံဆိပ်နှင့် 88/1 တံဆိပ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် မူးယစ်ဖမ်းဆီးရရှိမှု သတင်းများအရ သိရသည်။ သုံးစွဲသူအများစုကမူ WY ကို ဈေးနှုန်းသင့်တင့်သည့်အတွက် ပိုမိုအသုံးပြုကြလျက်ရှိသည်။ 88/1 မှာ WY ထက် ဈေးအနည်းငယ်ပိုကြီးမြင့်ပြီး အချို့ဒေသများတွင် ငွေကျပ်ထောင်ဂဏန်းမျှပင် ဈေးနှုန်းကွာသည်။ ယင်းအပြင် အာနိသင်ပိုပြင်း၍ ချောကလက်အနံ့လည်း ပိုထွက်ရာ လူကြားတွင် သိသာစေသည့်အတွက် WY ထက် အသုံးပြုမှု နည်းကြသည်။ မူးယစ်ဆေးဖြတ်ခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့် MANA ကျောက်မဲခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက "သုံးနေတဲ့ကလေးတွေ ပြောတာကတော့ 88/1 က အကောင်းဆုံးပဲ။ WY ထက် ဈေးပိုတယ်။ ဆေးသားကြည့်ရင်လည်း ပိုကျစ်လျစ်တယ်။ 88/1 က သုံးစွဲသူကို ပိုဆွဲဆောင်တာအမှန်။ ဒါပေမယ့် WY ကို ပိုသုံးကြတယ်။ ဘာလို့လဲဆိုတော့ WY က ဈေးပေါတာတချက်၊ 88/1 ထက် ဝယ်လို့လွယ်တာကတချက်၊ နောက်ပြီး WY ဟာ ကျောင်းသားလူငယ်တွေကြားမှာ ကျောင်းဝန်းအတွင်းနဲ့ လူတွေအနီးနားမှာသုံးရင် အနံ့သိပ်မထွက်ဘူးလို့ ပြောကြတယ်။ ဥပမာ အချုပ်ခန်းအတွင်းမှာ ခိုးသုံးရင် 88/1 ဆိုရင် တော်တန်ရုံ အနံ့မပျောက်ဘူး။ အချုပ်သားတွေ စာသင်သားတွေ WY အသုံးများတယ်။ 88/1 ကတော့ ဆေးထဲမှာ အရည်အသွေးကောင်းပြီး သုံးလိုက်ရင် ခံစားမှုက ပိုကောင်းတယ်။ WY ကတော့ ခံစားမှုကြမ်းတယ်လို့ ပြောတယ်" ဟု ပြောပြသည်။ "စိတ်ကြွဆေးပြား ဘယ်ကရ" စိတ်ကြွဆေးပြားများ ထုတ်လုပ်ရာ မူလကုန်ကြမ်းဟု ဆိုရမည့် အက်ဖီဒရင်းကို အက်ဖက်ဒရာ (Ephedra) ဟုခေါ်သော အပင်တမျိုးမှ ရရှိခြင်းဖြစ်သည်။ အဆိုပါအပင်သည် မြန်မာနိုင်ငံတွင်လည်း ပေါက်ရောက်မှုမရှိ။ တရုတ်ပြည်တွင် ဟန်မင်းဆက်ကာလက ရိုးရာတိုင်းရင်းဆေးဝါးအဖြစ် အသုံးပြုခဲ့သော အက်ဖက်ဒရာအပင်ကို  ဂျပန်လူမျိုး ဓာတုဗေဒပညာရှင် နာဂအိ ဆိုသောပုဂ္ဂိုလ်က သုတေသနပြုရာမှ အက်ဖီဒရင်းကို စတင်တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ၎င်းပညာရှင်ကပင် စိတ်ကြွဆေးပြားကို ၁၉၁၉ တွင် အက်ဖီဒရင်းမှ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အက်ဖီဒရင်းကို အမျိုးမျိုးသော အက်ဆစ်ပြင်း/ပျော့များဖြင့် ဓာတ်ပြုပေါင်းစပ် ချက်လုပ်ပြီးနောက်တွင် ယခုသုံးစွဲနေကြသည့် အက်ဖက်တမင်းဒြပ်ပေါင်းပါ စိတ်ကြွဆေးပြားများ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းစိတ်ကြွဆေးပြားများအတွင်း ပါဝင်သော ပါဝင်ပစ္စည်းနှင့် အချိုးအဆကို ဓာတ်ခွဲစမ်းသပ်နိုင်ရန် ဓာတ်ခွဲခန်းမျိုး မြန်မာနိုင်ငံတွင် မရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့၌ နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားရဲမှူးကြီးတဦးက ပြောပြသည်။ "ကျေနာ် တာဝန်ယူခဲ့တဲ့နှစ်အထိတော့ မြန်မာနိုင်ငံမှာ lab မရှိဘူး။ ဖမ်းမိတဲ့ စိတ်ကြွဆေးတွေထဲမှာ ဘာတွေပါတယ်၊ ဘယ်လောက်ရာခိုင်နှုန်း ပါတယ်ဆိုတာ ခွဲခြမ်းဖို့အတွက်။ နိုင်ငံခြားကိုပို့ပြီး ဓာတ်ခွဲရတယ်။ lab အတွက် နိုင်ငံခြားက ထောက်ပံ့ပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် နည်းပညာ/ကုန်ကြမ်း ရှားပါးလွန်းတာတွေကြောင့် အဆင်မပြေဘူး" ဟု ၎င်းရဲမှူးကြီးက ဆိုသည်။ စိတ်ကြွဆေးပြားများ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိသော်လည်း ၎င်း၏ ကုန်ကြမ်းဓာတုပစ္စည်း အားလုံးမှာ မြန်မာနိုင်ငံတွင် ထွက်ရှိခြင်းမရှိပေ။ ဆေးပြားထုတ်လုပ်သူများက ၎င်းဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းကြခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Daily Sun သတင်းဌာနက ဖော်ပြခဲ့သော သတင်းတွင် စစ်တကောင်း၌ စိတ်ကြွဆေးပြားစက်ရုံတရုံ ဖမ်းမိခဲ့ပြီး ယင်းတွင် စိတ်ကြွဆေးပြား ထုတ်ရန်အတွက် မြေဖြူမှုန့်၊ ကိုယ်လိမ်းပေါင်ဒါ၊ သန္ဓေတားဆေး၊  ပါရာဆီတမောအမှုန့်၊ ဂလူးကို့စ်၊ ပျားဖယောင်း၊ stearic acid စသည်တို့ကို အသုံးပြုထားကြောင်း ထည့်သွင်းဖော်ပြခဲ့ဖူးသည်။ မူးယစ်ရဲတပ်ဖွဲ့မှ ပြောင်းရွှေ့သွားသည့် ရဲမှူးကြီးတဦးက "တကယ်တော့ ဆေးပြားတွေ အားလုံးက အတူတူပါပဲ။ အက်ဖက်တမင်း ပါဝင်မှုအပေါ် မူတည်ပြီး ကွဲပြားသွားတာ။ အက်ဖက်တမင်းကတော့ (မြန်မာပြည်မှာ) မလုပ်တတ်ဘူး။ သူက ဓာတုဗေဒ ဒြပ်ပေါင်းတခုပဲ" ဟုဆိုသည်။ စိတ်ကြွဆေးပြား ချက်လုပ်သည့် ဖော်မြူလာဟူ၍ သီးသန့်တည်ရှိသည်မဟုတ်ဘဲ ဖော်ထုတ်မှု ဖန်တီးမှုများအပေါ် မူတည်၍ ဆေးပြားဖော်စပ်သည့် ဓာတုဗေဒ ပညာရှင်များက ထုတ်လုပ်ကြသည်ဟု ရဲမှူးကြီးတဦးက ဆိုသည်။ "ဘာတွေ ဘယ်လို အချိုးအဆစီ ပေါင်းလဲဆိုတာတော့ ကျနော်တို့ဆီမှာ (မြန်မာပြည်) လည်း နည်းပညာမရှိဘူး။ တနေရာကနေတမျိုး ဖော်စပ်ကြသလိုပဲ။ အဲ့ဒါကြောင့်လည်း ဆေးပြားက တံဆိပ်တမျိုးနဲ့တမျိုး အာနိသင်တွေ ကွာသွားကြတယ်" ဟု ၎င်းက ထပ်လောင်းပြောပြသည်။ ဆေးပြားထုတ်လုပ်မှုတွင် အသုံးပြုသည့် ပရီကာဆာ ဓာတ်ပြုပစ္စည်းများ ပြောင်းလဲအသုံးပြုမှုကြောင့် ဆေးပြားအရည်အသွေးများ အမျိုးမျိုး ပြောင်းလဲသွားကြသလို ဓာတုဗေဒပညာရှင်များ၏ တီထွင်ဖန်တီးမှုများ အမျိုးမျိုးရှိလာသည့်အတွက် ဖမ်းဆီးရမိသည့် ဆေးပြားများအပေါ် ဓာတ်ခွဲစမ်းသပ်မှုအရ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေး ချက်လုပ်ရာတွင် အသုံးပြုသည်ဟု သတ်မှတ်ထားသော ပစ္စည်းစာရင်း (တွေ့လျှင် ဖမ်းဆီးရန် သတ်မှတ်ထားသောစာရင်း) မှာ တနေ့တခြား အမျိုးများပြားလာကြောင်းလည်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ "ပြီးခဲ့တဲ့လပိုင်းကတင် ကျနော်တို့ဆီပို့တဲ့ တားမြစ်စာရင်းမှာ ပစ္စည်း ၉၆ မျိုးရှိတာ နောက်တလလည်းရောက်ရော ၉၉ မျိုးဖြစ်သွားတယ်" ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်နေသည့် ရှမ်းမြောက်မှ အာဏာပိုင်အဖွဲ့အစည်းဝင် တာဝန်ရှိသူတဦးက ပြောပြသည်။ "အရည်အသွေးမပြည့်မီတော့သည့် ဆေးပြားများ အသုံးပြုနေကြ" ယခုနောက်ပိုင်းကာလတွင် စိတ်ကြွဆေးပြား ထုတ်လုပ်သူများက ဆေးပြားပါ အက်ဖက်တမင်း ပမာဏကို လျော့ချလိုက်ပြီး ဈေးကွက်နှင့် ကိုက်ညီမှုရှိရေး၊ အမြတ်များများရရှိရေး၊ ဈေးပေါပေါနှင့် များများရောင်းနိုင်ရေးအတွက် အခြား အစားထိုးကုန်ကြမ်းများ အသုံးပြုလာကြသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ Transitional Institute (TNI) မှ ထုတ်ပြန်ထားသော "တရုတ်တောင်ပိုင်း၊ ထိုင်း၊ မြန်မာနိုင်ငံရှိ မက်သာဖက်တမင်းသုံးစွဲမှု ဘေးအန္တရာယ်လျော့ကျခြင်း၊ ဆောင်ရွက်မှုများကို အကဲဖြတ်ခြင်း" စစ်တမ်းတွင်မူ လက်ရှိ စိတ်ကြွဆေးပြားတွင် အက်ဖက်တမင်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ပါဝင်ပြီး ကဖင်းနှင့် ကျန်ဓာတ်ပြုပစ္စည်းများ ပေါင်းစပ်ထားသည်ဟု ဖော်ပြထားသည်။ "ဆေးပြားတွေ ဈေးကျလာတာ ကောင်းပေမယ့် တခါသုံးရင် လေးငါးလုံး သုံးနေရတာတော့ မကောင်းဘူး။ အရင်တုန်းက WY က တလုံးရဲ့လေးပုံတပုံလောက် တစိတ်ပေါ့၊ အဲ့တစိတ်သုံးလိုက်ရင် ဆံပင်တောင်ထောင်တယ်။ မီးလည်းအရှို့ခံတယ်။ အခုတော့ အများကြီးရှို့နေရတယ်။ ပြီးတော့ ဆေးချေးလည်း တအားထွက်တယ်" ဟု ကျောက်မဲမြို့နေ ကိုကျော်ထွန်းက ဆိုသည်။ ကိုကျော်ထွန်းနည်းတူ ဆေးပြားသုံးစွဲမှုသက်တမ်း ၈ နှစ်ခန့် ရှိခဲ့ဖူးသူတဦးက "ကျနော်လည်း အရင်တုန်းက နေ့ရော ညရော ချတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဆေးပြားတွေ သုံးတဲ့အခါ အလုံး ၂၀ လောက်ထိ သုံးဖူးတဲ့အချိန်တောင် ရှိခဲ့တယ်" ဟု ပြောသည်။ သို့သော် စိတ်ကြွဆေးပြား သုံးစွဲသူများမှာ အရည်အသွေးမကောင်းသည့် ဆေးပြားများ ဖြစ်နေစေကာမူ ငွေကြေးနှင့် ကိုက်ညီသည့်အတွက် ဆက်လက်အသုံးပြုလျက်ရှိသည်။ ငွေကြေးတတ်နိုင်သူအချို့ကမူ စိတ်ကြွဆေးပြားကဲ့သို့ပင် အက်ဖက်တမင်းနှင့် ထုတ်လုပ်ရသည့် မက်သာအက်ဖက်တမင်း ပုံဆောင်ခဲ ICE ဘက်သို့ ကူးပြောင်းသွားကြပြီး အချို့မှာလည်း ဘိန်းဖြူသုံးစွဲမှုဘက်သို့ ကူးပြောင်းသွားကြတော့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဆေးပြားတွင် ပါဝင်သော ပစ္စည်းအချိုးအဆကို ပြောင်းလဲကာ ဈေးပေါအောင် ထုတ်လုပ်ရောင်းချလာကြကြောင်း ထောက်ပြဆွေးနွေးခဲ့သေးသည်။ "အရည်အသွေးနဲ့အတူ လိုက်ကျလာတဲ့ ဆေးပြားဈေးနှုန်းများ" မူးယစ်ရဲတပ်ဖွဲ့မှ ပင်စင်ယူခဲ့သော အငြိမ်းစားရဲမှူးကြီးသန်းစိုးက "ဆေးပြားတွေ ပေါလာတာနဲ့ ဈေးကျလာတဲ့ အကြောင်းအရင်းကို ကြည့်မယ်ဆိုရင် ထုတ်လုပ်သူတွေများလာတာ။ ဈေးကွက်အရ ပိုက်ဆံရတာကိုး။ ဆေးပြားရဲ့ အာနိသင် အရည်အသွေးတွေ ကျလာတာ၊ ဈေးကိုလျော့ပြီး ရောင်းလာတာ။ ပြီးတော့ အက်ဖီဒရင်း ကုန်ကြမ်းရှားလာတာကြောင့်လို့ ဆိုရမှာပဲ။ အက်ဖီဒရင်းက တန်ဖိုးရှိတဲ့ ကုန်ကြမ်းလေ။ တပြား ၃၀၀ ဆိုတာတွေက ကွာလတီမကောင်းဘူးလေ" ဟု မှတ်ချက်ပြုသည်။ တရုတ်ပြည်တွင် အလေ့ကျပေါက်သည့် အက်ဖက်ဒရာအပင်များ ရှားပါးလာသည့်အတွက် စိတ်ကြွဆေးပြား ချက်လုပ်ရန် လိုအပ်သော အက်ဖီဒရင်းကို အိမ်သုံးဆေးဝါးများ (ဆူဒိုအက်ဖီဒရင်းများ) မှ ပြန်လည်ထုတ်ယူကြကြောင်း ၎င်းကဆိုသည်။ "၂၀၀၉ ခုနှစ်လောက်တုန်းက လောက်ကိုင်မှာ တရုတ်စာတန်းပါတဲ့ နှာခေါင်းဆေးပုလင်းတွေ အများကြီး ဖမ်းမိဖူးတယ်။ ဘာလုပ်တာလဲဆိုတော့ သူတို့က အက်ဖီဒရင်း ကုန်ကြမ်း ရှားပါးလာတော့ အဲ့ဒီ အက်ဖီဒရင်းပါတဲ့ အိမ်သုံးဆေးတွေ အထဲကနေ အက်ဖီဒရင်းကို ပြန်ထုတ်ယူတယ်။ ပြီးတော့ အဲဒါနဲ့ စိတ်ကြွဆေးပြား ပြန်ချက်တယ်။ အဓိကကတော့ အက်ဖီဒရင်း ကုန်ကြမ်း ရှားလာတာ။ ရတာနဲ့ ဖြစ်သလိုထုတ်တဲ့အခါ ဆေးပြားတွေက ကွာလတီလည်း ကျလာတယ်" ဟု ၎င်းက ထပ်လောင်းဆိုသည်။ ယခုဖြစ်စဉ်များမှာ စုံစမ်းသိရသလောက်အတွင်းက တချို့တက်သာဖြစ်ပြီး ယင်းပမာဏထက် ပိုမိုများပြားစွာ ရောင်းဝယ်ဖောက်ကား နေကြသူတို့အဖို့ ဈေးနှုန်းမည်မျှချိုသာလိမ့်မည်ကို သိရှိရန် အနည်းအကျဉ်း တင်ပြခြင်းသာဖြစ်သည်။ MANA ကျောက်မဲခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက "ဆေးပြားတွေဟာ စစ်ပွဲတွေဖြစ်လာတာနဲ့အမျှ ပိုပြီးပြန့်လာတယ်။ ပိုပေါလာတယ်။ ထုတ်လုပ်တဲ့သူ များလာတာကြောင့်လည်း ပါတယ်။ ဈေးကွက်က ပိုကျယ်ပြန့်လာတယ်။ ပြီးတော့ သုံးစွဲသူ များလာတာကြောင့်လည်း ပါတယ်။ အလွယ်တကူကို ဝယ်လို့ရလာတယ်။ ဒီဘက်အပိုင်းမှာတော့ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်သလို ဝယ်လို့ရလာတယ်" ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြေအနေများကို ရှင်းပြသည်။ ကျောက်မဲခရိုင်အတွင်းရှိ မူးယစ်ဆေးဝါးမှုဖြင့် နာမည်ကြီးသော ကျေးရွာကို ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်စဉ်များတွင် ၎င်းသည် အသိသက်သေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်သည်။ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့တွင် ရဲမှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရဲမှူးကြီးဇော်လင်းထွန်းက "ဆေးပြားတပြားကို ၁၀၀ ကျပ်လောက်အထိ ရောင်းနိုင်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျေနာ့်အထင်ပြောရရင် ဆေးပြားကွာလတီ ပြည့်တာတွေဝယ်၊ အမှုန့်ပြန်ကြိတ်၊ ပြီးတော့ အရောနှောတွေလုပ်ပြီး ပြန်ရိုက်ထားတာ ဖြစ်နိုင်တယ်။ ကွာလတီ ကွာသွားလိမ့်မယ်။ ကျေန်ာထင်တာကို ပြောတာနော်" ဟု မှတ်ချက်ပြုသည်။ ယင်းအပြင် ဆေးပြားထုတ်လုပ်ဖို့ ကုန်ကြမ်းရရှိပြီးပါက ထုပ်ပိုးသယ်သွားဖို့ရာ လွယ်ကူပြီး ဆေးပြားရိုက်စက်တလုံးနှင့် ကားအတွင်းမှာပင် ဆေးပြားရိုက်ထုတ်နေနိုင်လောက်အောင် လွယ်ကူနေခြင်းသည်လည်း ဆေးပြားများ ပေါများစွာ ထွက်ရှိနေခြင်း၏ အဓိက အချက်တချက် ဖြစ်လျက် ရှိနေပြန်သည်။ "နိုင်ငံတကာက ဝေဖန်သံညံလာသည့် မြန်မာနိုင်ငံ၏ စိတ်ကြွဆေးပြားသံသရာ" မလေးရှားရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၏ စိတ်ကြွဆေးပြားကိစ္စနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေးပြားစက်ရုံ ၃၇ ရုံခန့် တည်ရှိနေပြီး ယင်းစက်ရုံများ၏ ပိုင်ရှင်ဖြစ်သော ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အတိအကျ ထည့်သွင်းရေးသားကာ မြို့နယ်/မြေပုံနှင့်တကွ ဖော်ပြထားသည်။ ယင်းအပေါ် မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့သည့် ရဲမှူးကြီးသန်းစိုးက "လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ် ဆိုတာကတော့ ရာနှုန်းပြည့်မှန်တယ်" ဟု မှတ်ချက်ပြုသည်။ မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့်အထဲတွင် အဆိုပါစက်ရုံ ၃၇ ရုံကို UWSA အဖွဲ့က စက်ရုံ ၁၀ ရုံ၊ ပန်းဆေးပြည်သူ့စစ်အဖွဲ့က နမ်းခမ်းတွင် စက်ရုံ ၂ ရုံ၊ MNDAA က ကိုးကန့်တွင် စက်ရုံ ၁ ရုံ၊ ဦးဟော်ရှောက်ချန်က စက်ရုံ ၁ ရုံ၊ KDA ပြည်သူ့စစ်က ကွတ်ခိုင်တွင် စက်ရုံ ၁၀ ရုံ၊ ကွမ်းလုံတွင် စက်ရုံ ၂ ရုံ၊ မန်ပန်နဲ့ SSA အဖွဲ့က တန့်ယန်းတွင် ၃ ရုံ၊ လားဟူပြည်သူ့စစ်တို့က ပိုင်ဆိုင်ကြသည်ဟု ထည့်သွင်းဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်က မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် လက်ဘက်ခြောက် ကွန်တိန်နာအတွင်းမှ မလေးရှားရင်းဂစ်ငွေ ၇၂ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မလေးရှားဆိပ်ကမ်းတွင် ဖမ်းဆီးရမိလိုက်ပြီးနောက်တွင် မလေးရှားရဲတပ်ဖွဲ့က အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်အဖွဲ့၏ "မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မှ ပဋိပက္ခနှင့် မူးယစ်ဆေးဝါး" အစီရင်ခံစာတွင်မူ အန်ဖက်တမင်းဆေးပြား၊ ဟီးရိုးအင်းများနှင့်အတူ အိုက်စ် ရောင်းဝယ်ဖောက်ကားမှုသည် အလွန်ကြီးမားကာ အမြတ်အစွန်း ရရှိသောကြောင့် ရှမ်းပြည်နယ်တွင် အခြား ပုံမှန်စီးပွားရေးများမှာ အရေးမပါတော့ဘဲ ၎င်းကသာ ရှမ်းပြည်နယ်အတွက် နိုင်ငံရေးဘောဂဗေဒ၏ အသက်ဖြစ်နေတော့သည်ဟု မီးမောင်းထိုးပြထားသည်။ ယင်းမူးယစ်စီးပွားရေးမှ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များမှာ အကျိုးအမြတ်များစွာ ရရှိနေသည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။ ယင်းကြောင့် တပ်မတော်အနေဖြင့်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသည့် ပြည်သူ့စစ်များနှင့် စစ်တပ်ကဲ့သို့သော လက်နက်ကိုင်အုပ်စု သေးလေးများကို ပိုမိုကန့်သတ်သင့်ကာ ၎င်းတို့ တဖြည်းဖြည်း အဖွဲ့ ဖြုတ်သိမ်းရေးကို ရည်မှန်းလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။ မြန်မာ့အိမ်နီးချင်းများကလည်း ရှမ်းပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ဝင်ရောက်လာခြင်းကို ဖမ်းဆီးသင့်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်နယ်စပ်ကို တရားမဝင်ဖြတ်ကျော် ရောင်းဝယ်နေခြင်းအား ရပ်တန့်သွားအောင် လုပ်ဆောင်ရန် တာဝန်ရှိပြီး ၎င်း၏ နယ်စပ်အနီးရှိ နယ်မြေများကို ထိန်းချုပ်ထားသော ဝနှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေခြင်းများအား ရပ်ဆိုင်းရန် ၎င်း၏သြဇာကို အသုံးပြုသင့်ကြောင်း စသဖြင့် တိုက်တွန်းဖော်ပြထား၏။ အထက်ပါ အစီရင်ခံစာများနှင့် ပတ်သက်၍ အဖွဲ့အချို့က ငြင်းဆိုကြပြီး အခြားအဖွဲ့ကို လက်ညှိုးထိုးကြပြန်သည်။ အဖွဲ့အချို့ကတော့ မူးယစ်ဆေးဝါးမီးရှို့ပွဲ ပြုလုပ်ပြသကြသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မူးယစ်မှုနှင့်ပတ်သက်၍ နိုင်ငံတကာက ဆုငွေထုတ်ထားသော ပုဂ္ဂိုလ်များရှိရာ UWSA အဖွဲ့က ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများ မီးရှို့ပွဲဟူ၍ တခါကျင်းပခဲ့ပြီး ယင်းနှစ်မှာပင် TNLA အဖွဲ့ကလည်း မူးယစ်ဆေးဝါး မီးရှို့ပွဲတခုကို ပြုလုပ်ခဲ့သေးသည်။ သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော စိတ်ကြွဆေးပြားချက်စခန်း၊ ဓာတ်ခွဲခန်း ဖမ်းဆီးရရှိမှု ဖြစ်စဉ်များ အားလုံးမှာမူ ရှမ်းပြည်နယ်အတွင်း အစိုးရအာဏာ လက်လှမ်းမမီရာ ဒေသများမှာပင် ဖြစ်လျက်ရှိသည်။ "ဖမ်းမိတာထက် ထုတ်လုပ်တာ ပိုများနေမည်" စိတ်ကြွဆေးပြားများ လူထုအတွင်း ပေါလျှံစွာ ပျံ့နှံ့နေသကဲ့သို့ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု နှုန်းထားများမှာလည်း ယခုနှစ်ပိုင်းအတွင်း ညွှန်းကိန်း မြင့်မားလာလျက်ရှိသည်။ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသော စာရင်းများအရ ၂၀၁၀ ခုနှစ်တွင် ၂ သန်းကျော် ဖမ်းဆီးရမိခဲ့သည်။ ယင်းအတွက် အဆိုပါကာလက မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြား ထုတ်လုပ်မှု လျော့ကျသည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားခဲ့ကြသည်။ ၂၀၁၃ ခုနှစ်တွင်မူ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှု ၁၀ သန်းကျော်ထိ ပြန်လည်မြင့်တက်ခဲ့ပြန်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ပထမ ၈ လကျော်အတွင်းမှာပင် မြန်မာနိုင်ငံ၏ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှု ပမာဏမှာ ၈၂ သန်းကျော်အထိ တဟုန်ထိုး တိုးမြှင့်ခဲ့လေသည်။ ၂၀၁၇ ခုနှစ်က အရှေ့တောင်အာရှတခွင်တွင် စိတ်ကြွဆေးပြား သန်း ၄၅၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး ယင်းထဲမှ အများအပြားသည် မြန်မာနိုင်ငံမှ တင်ပို့ခြင်း ဖြစ်သည်ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရယ်မီ ဒေါက်ဂလပ်စ်က ပြောဆိုထား၏။ ဖမ်းဆီးရမိလိုက်သော ဆေးပြားများ ရှိသကဲ့သို့ လွတ်သွားသည့် ဆေးပြားများလည်း ရှိနိုင်သည့်အတွက် တကယ်တမ်း အောက်ခြေမြေပြင်တွင် မည်မျှထုတ်လုပ်နေသည်ကိုမူ မည်သူမှ ခန့်မှန်း၍မရ။ သို့သော် ဖမ်းဆီးရမိလိုက်သည့် ပမာဏများထက် များပြားမည်ကား ကျိန်းသေသည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုကြသည်။ "အစိုးရ၏ မူးယစ်တိုက်ဖျက်ရေး ထင်သလောက် ခရီးမပေါက်" မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ၁၅ နှစ်စီမံကိန်း၊ ထပ်တိုး ၅ နှစ်နှင့် စုစုပေါင်း နှစ် ၂၀ စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် အဆိုပါ နှစ် ၂၀ စီမံကိန်းမှာ သက်တမ်းပြည့်မီတော့မည်ဖြစ်သည်။ အငြိမ်းစားရဲမှူးကြီးသန်းစိုးက "၁၅ နှစ်စီမံကိန်းက ဘိန်းဖြူကို ဦးစားပေးလိုက်တာ။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကတော့ လျော့ကျသွားတယ်။ ဒါပေမယ့် စိတ်ကြွဆေးပြားတွေ ထွက်လာတဲ့ အတွက်ကြောင့် စီမံကိန်းကို ၅ နှစ်ထပ်တိုးလိုက်ရတယ်။ ဒါပေမယ့် မအောင်မြင်ဘူး" ဟု မှတ်ချက်ပြုသည်။ ထပ်မံရရှိသော အချက်အလက်များအရ ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းချက်စခန်း ၁၉၄ ခု၊ စိတ်ကြွဆေးပြားရိုက်စက် ၆၂ ခု ဖမ်းဆီးရမိခဲ့ဖူးကြောင်း သိရသည်။ သို့သော် စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့် ပတ်သက်၍ အဓိက ပင်မရင်းမြစ်၊ ထုတ်လုပ်သည့် ဓာတုဗေဒပညာရှင် တစုံတယောက်မှ ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့မှ အငြိမ်းစားယူကုန်ကြသော ရဲအရာရှိကြီးများက ဆိုကြသည်။ အငြိမ်းစားရဲမှူးကြီးသန်းစိုးက "မြန်မာမှာတော့ ဖမ်းမမိဖူးဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်တုန်းက ဖိလစ်ပိုင်မှာ ဖမ်းမိတဲ့ ဖြစ်စဉ်တခုမှာတော့ စိတ်ကြွဆေးဖော်တဲ့ ဓာတုဗေဒပညာရှင်က တရုတ်လူမျိုးဖြစ်နေတယ်" ဟုပြောသည်။ ရဲတပ်ဖွဲ့အနေဖြင့် တားဆီးနှိမ်နင်းရေး လမ်းကြောင်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍လည်း ၎င်းက ယခုကဲ့သို့ ရှင်းပြပြန်သည်။ "ဖမ်းဆီးရရှိမှု တခုအပေါ် အဆင့်ဆင့် နောက်ဆုံးအထိ လိုက်သွားရင် နောက်ဆုံး တရားဥပဒေစိုးမိုးမှုမရှိတဲ့ နယ်မြေတွေမှာ သွားပြီး ဂိတ်ဆုံးတယ်။ ပြည်သူ့စစ်နယ်မြေ လက်နက်ကိုင်နယ်မြေတွေ။ ထိလို့ကိုင်လို့ မရတော့ဘူး။ အများစုကတော့ အဲ့ဒီလို ဂိတ်ဆုံးသွားတာ များတယ်။ ပြီးတော့ အရင်တုန်းက အော်ပရေးရှင်းလုပ်ရင် ကိုယ့်စားရိတ်နဲ့ကိုယ်သွားရတယ်။ အဲဒါကလည်း အခက်အခဲတခုပဲ။ အခုနောက်ပိုင်းတော့ အဲ့ဒီလိုမဟုတ်တော့ဘူး" ဟု ၎င်းကဆိုသည်။ မူးယစ်တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ခံရမှု ကိစ္စတခုလည်းရှိသည်။ ပင်စည်ကိုမခုတ်ဘဲ ကိုင်ဖျားကိုင်းနားများကိုသာ ခုတ်လျက်ရှိသည်ဟူသော ကိစ္စဖြစ်သည်။ အရပ်ဘက်၊ လွှတ်တော် နေရာပေါင်းစုံတွင် ဝေဖန်ခံရသည်မှာလည်း အဆိုပါကိစ္စပင်ဖြစ်သည်။ ဖမ်းဆီးခံရသူများ အထဲတွင်လည်း အများစုမှာ မူးယစ်ဆေး သုံးစွဲသူနှင့် ဆေးပြား ၁ ပြား၊ ၂ ပြား စသဖြင့် ပမာဏအနည်းငယ်မျှ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသူ အများဆုံးဖြစ်နေသည်။ Drug Policy Advocacy Group မှ ပြောရေးဆိုခွင့်ရှိသူ မပန်းအိက "ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံဟာ စိတ်ကြွဆေးထုတ်လုပ်မှု ပမာဏ မြင့်မားလာတာကို တွေ့ရတယ်။ နိုင်ငံတော်နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက ဒီပြဿနာကို နှိမ်နင်းဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ လက်ကြီးသမားတွေကို အပြည့်အဝ နှိမ်နင်းနိုင်ခြင်းမရှိဘဲ လက်သေးသမားတွေဖြစ်တဲ့ မူးယစ်ဆေး သုံးစွဲသူတွေကိုသာ ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချနေတာ တွေ့ရတယ်။ အခု အဖမ်းခံရသူတွေထဲမှာ ဆေးပြားတပြား၊ နှစ်ပြားနဲ့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကျတဲ့ လူငယ်လူရွယ်တွေ အများကြီးရှိတယ်။ တချို့ဆို လက်ထဲမှာ ဆေးမမိဘဲနဲ့တောင် အဖမ်းခံရ၊ ထောင်ချခံရတာတွေရှိတယ်" ဟုဆိုသည်။ "အရေးကြီးကာလ ရောက်လာပြီဟုဆို" မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (ဗဟို) ကမူ ၂၀၁၈ မူးယစ်မူဝါဒ အသစ်တွေ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပညာပေးခြင်းကဏ္ဍ ထည့်သွင်းရေးဆွဲထားပြီး လက်ရှိတွင် နိုင်ငံအနှံ့ ဟောပြောဆွေးနွေး အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ တားဆီးနှိမ်နင်းရေးခေါင်းစဉ်ဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကိုလည်း နေ့စဉ် သတင်းထုတ်ပြန်လျက်ရှိသည်။ အလားတူ နိုင်ငံတော်သမ္မတရုံးမှလည်း မူးယစ်ကိစ္စနှင့်ပတ်သက်၍ တိုင်ကြား သတင်းပေးနိုင်သည့်ဌာန ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ယင်းသို့ ဆောင်ရွက်ရုံမျှနှင့် မလုံလောက်ကြောင်း အရပ်ဘက်အဖွဲ့အစည်းက ထောက်ပြဝေဖန်ကြသည်။ Drug Policy Advocacy Group မှ မပန်းအိက "ပထမအချက်အနေနဲ့ မြန်မာနိုင်ငံမှာ စိတ်ကြွဆေးသုံးစွဲမှု အရင်ကထက် ပိုမိုမြင့်မားလာပေမယ့် ဒီဆေးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လူငယ်တွေ သိရှိမှုက အတော်နည်းနေပါသေးတယ်။ ဥပမာ ဒီဆေးတွေထဲမှာ ဘယ်လိုဓာတုပစ္စည်းတွေပါလဲ၊ ဘယ်လောက်ပါလဲ၊ သူတို့ရဲ့ နောက်ဆက်တွဲ အာနိသင်တွေက ဘာတွေရှိလဲဆိုတာ သိသင့်တယ်။ ဒါကြောင့် စိတ်ကြွဆေးနဲ့ပတ်သက်တဲ့ ဗဟုသုတကို မြှင့်တင်ပေးတဲ့ ပညာပေးအစီအစဉ်တွေ ရှိသင့်တယ်။ ပြီးတော့ သုံးစွဲတဲ့သူတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ ရှိသင့်တယ်။ စိတ်ကြွဆေး သုံးစွဲသူတွေကို ကုသရာမှာ ဘိန်းဖြူသုံးစွဲသူတွေ ကုသတာနဲ့ မတူပါဘူး။ ဒါကြောင့် သူတို့လိုအပ်တဲ့ ဆေးဝါးတွေ ရရှိဖို့၊ စိတ်ကျန်းမာရေး အထောက်အကူတွေရရှိဖို့ နိုင်ငံတော်အနေနဲ့ ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်" ဟု မှတ်ချက်ပြုသည်။ ယင်းအပြင် တားဆီးကာကွယ်ရေးအပိုင်း ထိရောက်ချင်ပါက အောက်ခြေကိုင်းဖျားကိုင်းနား လက်သေးသမားများကို အာရုံစိုက်ဖမ်းဆီးနေခြင်းမှ ဦးတည်ချက်ပြောင်းပြီး လက်ကြီးသမားများကို အာရုံစိုက်ဖမ်းဆီးလျှင် အခြားမူးယစ်ဆေးပြဿနာများကိုပါ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။ ရဲမှူးကြီး (ငြိမ်း) သန်းစိုးကမူ "လူတွေက တားဆီးနှိမ်နင်းရေးကိုပဲ ဦးတည်နေတယ်။ မူးယစ်ဆေးဝါး ပပျောက်ဖို့ဆို အဓိက ၂ ချက်က ထုတ်လုပ်မှုလျော့ချရေး၊ သုံးစွဲမှုလျော့ချရေး။ မူးယစ်ဆေးဝါးကို မနှိမ်နင်းနိုင်လို့ မအောင်မြင်လို့ ဆိုတာတွေကို ပြောနေမယ့်အစား ပြည်သူလူထုကလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ သုံးစွဲမှုလျော့ချရေး အပိုင်းကို လုပ်သင့်တယ်။ ဝေဖန်ကြသလို ပိုင်ရှင်မဲ့တွေ ဖမ်းဆီးရမိတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်ဖော်ထုတ်နိုင်တာတွေလည်း ရှိခဲ့တာပဲ" ဟု ပြောသည်။ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးအသင်း-မြန်မာမှ ဦးစံရှိန်က လက်ရှိအချိန်သည် မူးယစ်ဆေးဝါးပြဿနာအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမည့် အချိန်တန်နေပြီဟု မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက "တားဆီးနှိမ်နင်းတဲ့နေရာမှာ တရားဥပဒေစိုးမိုးမှု မရှိတဲ့နေရာကနေ ထုတ်လုပ်တာကို မတားဆီးနိုင်ရင်တောင် တရားဥပဒေစိုးမိုးမှု ရှိနေပါတယ်ဆိုတဲ့ နေရာမှာ တားဆီးရမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးနဲ့ အဓိက ပြည်သူတွေတရပ်လုံးက အပြည့်အဝပူးပေါင်းရင် တိုက်ဖျက်နိုင်မယ်။ ကာကွယ်နိုင်မယ်။ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးမှာ နိုင်ငံရေးပါတီတွေက သူ့တာဝန် ငါ့တာဝန် မဟုတ်ဘူးလို့ ခွဲခြားနေသမျှ၊ ပြည်သူတွေကလည်း ဒါဟာ ရဲတာဝန်လို့ သတ်မှတ်ခံယူနေသမျှ ဆေးပြားလိုဟာမျိုး ဈေးကွက်ရှိနေဦးမယ်။ ရောင်းကောင်းနေဦးမယ်။ လက်ရှိအစိုးရကလည်း ထိထိရောက်ရောက် ဗျူဟာနဲ့ မဖြိုခွင်းနိုင်ဘူး။ နိုင်ငံတော်က အတိအကျ ကိုင်တွယ်သင့်ပြီ။ တတိယ လူ့အဖွဲ့အစည်းကို ဖော်ဆောင်သင့်ပြီ။ ရေရှည်မလွယ်ဘူး" ဟု မှတ်ချက်ပြုသည်။ ရဲလွင်၊ ပြည့်ဘုန်းအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up