ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမှု ကုလဖြေရှင်းပေးရန် တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကြားဝင်ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သံဃာတော်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဘန်ကောက်မြို့က ကုလသမဂ္ဂအဆောက်အဦရှေ့မှာ သံဃာအပါး ၂၀၀ ကျော်လောက်က ဒီနေ့ ဆန္ဒပြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးရေးအတွက် ကုလသမဂ္ဂက ဖိအားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြ သံဃာတော် ၁ ပါးက “ယူအန်ကြားဝင်ပြီး ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေ အားလုံး ရပ်သွားအောင်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောရင် တိုက်ခိုက်မှုတွေ ရပ်သွားလိမ့်မယ် ထင်ပါတယ်။ ခု ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေ တိုက်ခိုက်ခံခဲ့ရတယ်။ ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ရင် ရပ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မိန့်ကြားပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုတွေအတွက် လုံခြုံရေးအကူအညီ ထောက်ပံ့မှု မပေးနိုင်ခဲ့ဘူးလို့ ဆန္ဒပြသံဃာတွေက မိန့်ပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ လူငယ်တဦးက အစ္စလာမ်ဘာသာ ကိုရမ်ကျမ်းစာ မီးရှို့တဲ့ဓာတ်ပုံ တင်ခဲ့တာကို အကြောင်းပြုပြီး   ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်နေ့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဇ်ဘဇားမြို့နဲ့ ရာမူးမြို့မှာ ဒေသခံ မွတ်စလင်တွေက ဗုဒ္ဓဘာသာ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်း တဒါဇင်လောက်နဲ့ လူနေအိမ် ၅၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုကို  ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက သံဃာတော်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်က  ကျောင်းသားတွေလည်း ဆန္ဒပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒီအဖြစ်အပျက်တွေနဲ့ စပ်လျဉ်းပြီး ကော့ဇ်ဘဇားမြို့မှာ ၁၆၂ ဦး ဖမ်းဆီးထားပြီး စစ်တကောင်း ပတ်ဝန်းကျင်နဲ့ ဘန်ဒရာဘန်မြို့နယ်ထဲမှာ ၇၆ ဦး စုစုပေါင်း ၃၀၀ လောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေက ပြောပါတယ်။

More News
Up