ရဲစခန်းအိမ်သာထဲ ကလေးမွေးပြီး စွန့်ပစ်ခဲ့သည့် မိခင်အမျိုးသမီးကို ရှာဖွေနေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ရဲစခန်းအိမ်သာထဲမှာ ကလေးမွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့ မိခင်အမျိုးသမီးကို ရဲတွေက ရှာဖွေနေကြတယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီအမျိုးသမီးဟာ ဒီကနေ့မနက် ၁ နာရီခွဲလောက်မှာ ရဲစခန်းအိမ်သာထဲကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီနောက် သူဟာ ကလေးမွေးဖွားခဲ့ပြီး မွေးကင်းစကလေးငယ်ကိုတော့ အိမ်သာထဲမှာ စွန့်ပစ်ထားခဲ့တာပါ။ အိမ်သာထဲက ကလေးငိုသံကြောင့် ရဲစခန်း သန့်ရှင်းရေး ဝန်ထမ်းတဦးက တွေ့ရှိခဲ့ပြီးနောက်မှာတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရမ်ဂျိုင်ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့တွေက ကလေးငယ်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်တင်ခဲ့ပြီးနောက်မှာတော့ မဟာရက်ခ်ျနခွန် ချင်းမိုင်ဆေးရုံဆီ ပို့ဆောင်ခဲ့တာပါ။ ကယ်ဆယ်ရေးဝန်ထမ်းထဲက တဦးကတော့ ကလေးငယ်ကို အိမ်သာရေကန်ထဲမှာ ချက်ကြိုးတန်းလန်းနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ ရဲတွေကတော့ အခင်းဖြစ်တဲ့ နေရာတဝိုက် လုံခြုံရေးကင်မရာတွေကတဆင့် စစ်ဆေးဖို့ ကြိုးစားပေမယ့် ကင်မရာတွေ အလုပ်မလုပ်တာကြောင့် ရှာဖွေဖော်ထုတ်မရနိုင်ဘဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် သူတို့အနေနဲ့ အမျိုးသမီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ပြီး တခြားနေရာတွေမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကတဆင့် ရှာဖွေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up