တရုတ်တစ်သျှူးငှက်ပျောကိစ္စရေးခဲ့သည့် မြစ်ကြီးနားဂျာနယ် သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ
ပိုင်စိုး
·
February 26, 2019
တရုတ်တစ်သျှူးငှက်ပျောကိစ္စ ရေးသားခဲ့တဲ့ ကချင်ဒေသအခြေစိုက် မြစ်ကြီးနားသတင်း ဂျာနယ်ရဲ့ သတင်းထောက် နှစ်ဦးကို သခင်စစ်သတ္တုတူးဖော်ရေးကုမ္ပဏီက ခေါ်ယူပြီး ဖမ်းဆီး ချုပ်နှောင်ထားခဲ့ တယ်လို့ ဂျာနယ် တာဝန်ရှိသူက ပြောပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က သတင်းထောက် အမျိုးသမီး တဦးနဲ့ အမျိုးသား တဦးတို့ကို ဒီမနက်က ခေါ်ယူပြီး ချုပ်နှောင်ထားတာပါ။
ဂျာနယ်အယ်ဒီတာချုပ် ဆိုင်းမိုင်က “တရုတ်တစ်သျှူးငှက်ပျောစိုက်မယ့်ကုမ္ပဏီက ရွာတွေ ကို ဝင်ပြီးတော့ မြေငှားတာကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက မကျေနပ်လို့ တားတဲ့ကိစ္စ မနေ့က ဂျာနယ်မှာ ထည့်လိုက်တယ်။ အဲဒါ ကုမ္ပဏီက သတင်းထောက်နှစ်ကို ခဏလာခဲ့ပါဦးဆိုပြီး ခေါ်ပြီးတော့ နှိပ်စက်ပြီး ဖမ်းထားတာ၊ ချုပ်ထားတာ။” လို့ ပြောပါတယ်။
ကုမ္ပဏီ မြေဌားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ်ကသတင်း ရေးတင်လိုက်လို့ ချုပ်ထားခံရတဲ့ သတင်းထောက် ယောက်ျားလေးကို ထိုင်ထအကြိမ် တသိန်း လုပ်ခိုင်းတာကြောင့် ပြန်ဖြုတ်လိုက်ရတယ်လို့ လည်း သူက ဆိုပါတယ်။
သတင်းထောက် တယောက်စီကို တအိမ်စီမှာ ခွဲထားခဲ့ပြီး သတင်းထောက်တွေနဲ့ ဖုန်းဆက်သွယ်လို့ ရတာကြောင့် အော်ဟစ်သံတွေကြားနေရတယ်လို့ သူက ပြောပါတယ်။
အခုတော့ ရဲစခန်း တာဝန်ရှိသူတွေနဲ့ ဂျာနယ်တာဝန်ရှိသူတွေ အဲဒီ ကုမ္ပဏီကို သွားရောက်ပြီး သတင်းထောက်တွေကို ခေါ်ယူလာပြီဖြစ်သလို အမှုဖွင့်ဖို့လည်း စီစဉ်နေပါတယ်။
သခင်စစ်ကုမ္ပဏီဟာ ဝိုင်းမော်မြို့မှာ အခြေစိုက်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာလို့ ကုမ္ပဏီ ဆိုင်းဘုတ်မှာ ဖော်ပြထားပါတယ်။