လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ပြီးစီး
DVB
·
October 3, 2012
အခုနှစ်အတွင်းမှာပဲ ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး လူထုစိန်ဝင်းကို ဂုဏ်ပြုပေးအပ်မယ့် ပညာသင်ဆုအတွက် လျှောက်ထားသူ ၇၂ ယောက်ထဲကနေ ၁၇ ယောက်ကို ရွေးချယ်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ဝင် ဦးအောင်ထွန်းဦးက ပြောပါတယ်။
ရွေးချယ်ခံရသူတွေဟာ ရန်ကုန်အပါအ၀င် ပြည်နယ်နဲ့ တိုင်း ၈ ခုက ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။
ပညာသင်ဆုအနေနဲ့ ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တက်မယ့် ကျောင်းသား တဦးကို ကျပ် ၇ သောင်း၊ နည်းပညာတက္ကသိုလ်အတွက် ကျပ် ၅ သောင်း၊ ဆေးဝါးသိပ္ပံနဲ့ ပညာရေးတက္ကသိုလ်အတွက် ကျပ် ၄ သောင်း၊ ပညာရေးကောလိပ်အတွက် ကျပ် ၃ သောင်း လစဉ် ချီးမြှင့်မယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ကြေညာထားပါတယ်။