ရုံတင်ပြသတော့မည့် ထူးထူးခြားခြား မြန်မာဂန်းစတားရုပ်ရှင်ကား-မြို့ပြမုဆိုးများ(နမူနာ)
DVB
·
February 26, 2019
ထူးထူးခြားခြား မြန်မာဂန်းစတားအက်ရှင်ကားတကားဖြစ်တဲ့ မြို့ပြမုဆိုးများ ရုပ်ရှင်ကားကို လာမယ့် မတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Bonanza ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လူငယ် ရုပ်ရှင်ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ မြို့ပြဒုစရိုက်လောကသားတွေရဲ့ ဥပဒေပြင်ပက လုပ်ငန်းတွေ၊ အချင်းချင်း တဖွဲ့နဲ့တဖွဲ့ မကြေလည်တဲ့ ရန်ငြိုးတွေနဲ့အတူ အပြန်အလှန် တိုက်ခိုက်ကြတဲ့ အက်ရှင်အပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ ဉာဏ်ထင်ဟာ မနှစ်က ရုံတင်ပြသခဲ့တဲ့ Dimensions မျက်နှာပြင်များ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ဒီကားကတော့ သူ့ရဲ့ဒုတိယမြောက်လက်ရာအနေနဲ့ ရှုစားကြရမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။
ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေအနေနဲ့ ခါရာ၊ ရန်အောင်၊ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ခန့်ညား၊ ဂျာဆိုင်းအိန်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
မြို့ပြမုဆိုးများ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ရန်ကုန်မြို့၊ JCGV ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့တာပါ။