Home
မြန်မာသတင်း
နိုင်ငံတော်အခြေခံမူများအခန်းက စပြီး  ဖွဲ့စည်းပုံပြင်ရန် ဆွေးနွေးမည်
နေဖြိုးဝင်း
·
February 25, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ပတ်သက်ပြီး အခန်း(၁) နိုင်ငံတော်အခြေခံမူများ အခန်းက စတင်ကာ အခန်းစဉ်အလိုက် ပြင်ဆင်ချင်တဲ့အချက်တွေကို ဆွေးနွေးသွားဖို့ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်က ပြုလုပ်တဲ့ ကော်မတီရဲ့ ဒုတိယအကြိမ်မြောက် အစည်းဝေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘယ်လိုပုံစံတွေနဲ့လုပ်မယ်ဆိုတာကို အားလုံး သဘောတူကြတယ်လို့ အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်က မီဒီယာတွေကို  ပြောပါတယ်။ "အဓိကက အခန်းအလိုက်သွားမယ့်ဟာတွေကို ပါတီအလိုက်၊ အစုအဖွဲ့အလိုက် ပြင်ချင်တဲ့ အချက်တွေကို ကန့်လန့်ဖြတ်ဇယားလေး လုပ်ပြီးပေးကြမယ်။ အဲ့လိုပေးကြမယ်ဆိုတော့ အခန်း (၁) နဲ့ပတ်သက်ပြီး ပြင်ချင်သူလည်း ပြင်ချင်တဲ့အကြောင်း၊ မပြင်ချင်ဘူးဆိုရင်လည်း မူလအတိုင်း ထားမယ်ဆိုရင်လည်း ပေးချင်တဲ့အကြံဉာဏ်တွေကို အစုအဖွဲ့တွေကနေ အကြံပြုချက်တွေကို ကန့်လန့်ဖြတ်ဇယားနဲ့ တနင်္လာနေ့အရောက်ပေးမယ်။ အဲ့လိုဆိုရင် အကုန်လုံးကို စုလိုက်မယ်။ အဲ့လိုဆိုတော့ အင်္ဂါနေ့ကနေစပြီးတော့ ပြင်ဆင်ချင်တဲ့ အပိုဒ်တွေကို ဆွေးနွေးကြမယ်"လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ တနင်္လာနေ့မှာ ပြင်ဆင်ချင်တဲ့အချက်တွေကို ကန့်လန့်ဖြတ်ဇယားနဲ့တင်ဖို့ ဆုံးဖြတ်တာဟာ ပါတီအလိုက်၊ အစုအဖွဲ့အလိုက် ပြင်ဆင်မယ့်အချက်တွေကို ဆွေးနွေးနိုင်အောင် အချိန်ပေးတဲ့ သဘောဖြစ်တယ်လို့လည်း ဆိုပါ တယ်။ "ဘာလို့လဲဆိုရင် ကျနော်တို့ ကန့်လန့်ဖြတ်ဇယားလုပ်ပြီး ဖြန့်ဝေပေးရဦးမယ်။ ပါတီတွေ တချို့တိုင်းရင်းသားပါတီတွေဆိုလည်း သူတို့ပါတီဌာနချုပ်ကိုပြန်ပြီးတော့ ညှိနှိုင်းရမှာတွေရှိတယ်။ အဲ့အတွက် အချိန်လိုတယ်။ အဲ့တော့ အခန်း (၁) တခုတည်းအတွက်ကိုပဲ တနင်္လာနေ့ကို ပေးဖို့။ တချို့ကျတော့ ဒီထက်ပိုပြီး စောစောပြီးမယ့် သူတွေရှိမယ်ဆိုလည်း ကန့်လန့်ဖြတ်ဇယားကို အကုန်လုံးကိုဖြန့်ပေးလိုက်မယ်။ တနင်္လာနေ့မှာ အခန်း(၁)က အဓိကပေါ့၊ တချို့က (၂)၊ (၃) ပြီးတယ်ဆိုရင်လည်း Dataတွေစုထားမယ်။ တကယ်ဆွေးနွေးမှာကတော့ အ ခန်း(၁)က စ ဆွေးနွေးမှာဖြစ်တယ် " လို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)မှာ ပုဒ်မပေါင်း ၄၈ ခုပါရှိပြီး ပုဒ်မ ၆ ကတော့ အခြေခံမူတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ပြဋ္ဌာန်းထားတာပါ။  ပုဒ်မ ၆ ပါ အခြေခံမူတွေထဲမှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်လို့ ဖော်ပြထားတဲ့ အတွက် အန်အယ်လ်ဒီအပါအ၀င်  ဒီမိုကရေစီ အင်အားစုတွေက ပြင်ဆင် လိုတာလည်း ဖြစ်ပါတယ်။ ပူးပေါင်းကော်မတီကတော့  အခန်းအလိုက် ပြင်ဆင်မယ့် အချိန်ဇယားကို လည်း ရေးဆွဲသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီကနေ့အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်တာဝန်နဲ့ ပြည်ပခရီးသွားနေတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် တဦးက လွဲလို့ အားလုံးတက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024