အစဉ်အလာမှခွဲထွက်ပြီး အော်စကာသမိုင်းမှတ်တိုင် စိုက်ထူခဲ့သည့် ဆု ၂ ဆုရ စူပါဟီးရိုးရုပ်ရှင် – Black Panthar

နာမည်ကြီး အော်စကာ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ စူပါဟီးရိုး ရုပ်ရှင်ကားတကားဖြစ်တဲ့ Black Panthar ရုပ်ရှင်ကားဟာ ဆု ၂ ဆုရရှိခဲ့ပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အခုနှစ်ရဲ့ ၉၁ ကြိမ်မြောက် အော်စကာ ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၇ ဆု လျာထားခံခဲ့ရပြီး ရုသ်ကာတာက အကောင်းဆုံး Costume Design ဆုနဲ့ ဟန်နာဘိက်လာက Production Design ဆုကို ပူးတွဲ ဆွတ်ခူးရရှိခဲ့တာပါ။ သူတို့ ၂ ဦးစလုံးဟာ လူမည်းအနုပညာရှင်တွေ ဖြစ်ကြပြီး အော်စကာဆု သမိုင်းမှာတော့ သူတို့ဆွတ်ခူးရရှိခဲ့တဲ့ ဒီဆုအမျိုးအစားတွေအတွက် ပထမဆုံး ချီးမြှင့်ခံရတဲ့ လူမည်းအနုပညာရှင်တွေ ဖြစ်လာခဲ့တာပါ။ လူမည်းအမျိုးသမီးသရုပ်ဆောင်ဆုရှင် ဟေးလ်ဘယ်ရီကလည်း ရုသ်ကာတာကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ကာတာကတော့ “ဒါဟာ အချိန်အကြာကြီး စောင့်စားခဲ့ရပြီးမှ ဖြစ်လာခဲ့တာ” လို့ ပြောလိုက်ပါတယ်။ လူမည်းသရုပ်ဆောင်တွေ အများစုပါဝင်တဲ့ Black Panther ရုပ်ရှင်ကားဟာ တကမ္ဘာလုံး လက်မှတ်ရောင်းချမှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် တနှစ်တာ ဝင်ငွေအများဆုံးရရှိတဲ့ ဇာတ်ကားအဖြစ်လည်း စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ အော်စကာ ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ဇာတ်ကားတွေဟာလည်း အစဉ်အလာကို ချိုးဖောက်ပြီး လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းမှာ အောင်မြင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ခဲ့တာကိုလည်း ထူးထူးခြားခြား တွေ့ရပါတယ်။ အခုနှစ်မှာ အော်စကာရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးဇာတ်ကားဆုအတွက် လျာထားခံရတဲ့ ရုပ်ရှင်ကား ၈ ကားအထိ ပါဝင်ခဲ့ပြီး အဲဒီစာရင်းထဲမှာတော့ လူဖြူလူမျိုးကြီးဝါဒနဲ့ ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး လျှို့ဝှက်လှုပ်ရှားမှုကို စုံစမ်းခဲ့တဲ့ လူမည်းစုံထောက်တဦး အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင် BlacKkKlansman၊ ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ Queen အကြောင်းရုပ်ရှင် Bohemian Rhapsody၊ ရာဇဝင်သမိုင်းနောက်ခံ ဇာတ်မြူးရုပ်ရှင် The Favourite၊ ဒရာမာဇာတ်မြူးရုပ်ရှင် Green Book၊ ဂီတဇာတ်မြူးရုပ်ရှင် A Star Is Born နဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် Vice တို့လည်း ပါဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up