မင်းသား ရာမီမလက်ခ် Bohemian Rhapsody ရုပ်ရှင်ဖြင့် အော်စကာဆုရရှိ

ဓာတ်ပုံ - Reuters
1.5K
လက်ရှိကျင်းပနေတဲ့ ၉၁ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန် သရုပ်ဆောင်မင်းသား ရာမီမလက်ခ်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင် (ဒရာမာ) ဆု ရရှိသွားပါတယ်။
သူဟာ ဖြစ်ရပ်မှန်အခြေပြု တေးသံစုံ ဂီတဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Bohemian Rhapsody ရုပ်ရှင်ကားနဲ့ ဒီဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
သူနဲ့အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတဲ့ နာမည်ကြီး A Star Is Born ရုပ်ရှင်ကားရဲ့ အဓိက သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးကတော့ ဒီဆုနဲ့ လွဲချော်သွားခဲ့ပါတယ်။
Bohemian Rhapsody ရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Bryan Singer က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။
၁၉၇၀ ပြည့်လွန် ကာလကနေ ဆယ်စုနှစ်ချီ ကျော်ကြားခဲ့တဲ့ Queen အဖွဲ့ ဖြစ်ပေါ်လာပုံနဲ့ သူတို့အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury ရဲ့ ဘဝအကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ရာမီမလက်ခ်က အဓိကဇာတ်ကောင် Freddie Mercury အဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.4 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ ၅၅ သန်းကြား အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၀ ဒသမ ၉ သန်း ရရှိခဲ့ပြီး စံချိန်တင် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း အကောင်းဆုံးဇာတ်ကားဆုနဲ့ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။