ဆီဘောက်ဆာယာဉ် ဆီဖြည့်နေစဉ် ဖုန်းပြောရာမှ ပေါက်ကွဲမှုဖြစ်၊ ၁ ဦး သေဆုံး
DVB
·
February 24, 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဆီဘောက်ဆာယာဉ် ဒီဇယ်ဆီဖြည့်နေစဉ် လက်ကိုင်ဖုန်း ပြောကြားနေရာမှ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ၁ ဦး သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်အစောပိုင်း ၀၀း၃၀ နာရီက မုံရွာမြို့၊ ကျောက္ကာမြောက်ကျေးရွာ ရေနံကုန်းရှိ ဦးသန်းထွန်းဦးရဲ့ ရေနံချက်ဖိုမှာ ရဲဇော် နဲ့ ခိုင်ထွန်းတို့ မောင်းနှင်တဲ့ Nissan ၁၈ ဘီး ဆီဘောက်ဆာယာဉ်အတွင်း ဒီဇယ်ဆီဖြည့် နေစဉ် ယာဉ်နောက်လိုက် ခိုင်မြင့်ဦး (၄၂) နှစ် လက်ကိုင်ဖုန်းပြောနေတုန်း ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်အစောပိုင်း ၁ နာရီမှာ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ အဆောက်အဦ ၁ လုံး၊ ဒီဇယ် ၅၀ ဂါလန်လောက်၊ ယာဉ်ရဲ့ တာယာ ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ခိုင်မြင့်ဦးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး၊ ရဲဇော်ကတော့ ခြေဖဝါး ဒဏ်ရာအနည်းငယ်ရရှိခဲ့တာကြောင့် မုံရွာပြည်သူ့ဆေးရုံခဲ့တယ်လို့ ဆိုပါတယ်။
ခိုင်မြင့်ဦး (သေဆုံး) ကို မုံရွာမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု၊ မီးလောင်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။