အိန္ဒိယတွင် တရားမဝင်အရက်ကြောင့် သေဆုံးသူ ၉၈ ဦး ရှိပြီ၊ အရာရှိ ၂ ဦးကို ရာထူးမှဖယ်ရှား

1K
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမဝင် ထုတ်လုပ်တဲ့ အရက် သောက်မိအပြီး သေဆုံးသူ အရေအတွက် ၉၈ ယောက် ရှိသွားပါပြီ။
တခြားလူ အနည်းဆုံး အယောက် ၂၀၀ ကျော်လောက် ဆေးရုံတင်ထားရတယ်လို့ အာသံပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ် မတိုင်ခင်ကလည်း အိမ်နီးချင်း ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်နဲ့ ဥတ္တရာခန်း ပြည်နယ်တွေမှာ အရက်အဆိပ်သင့်လို့ လူအယောက် ၁၀၀ လောက် သေဆုံးခဲ့ ပါသေးတယ်။
ကြာသပတေးနေ့ နှောင်းပိုင်းက တရားမဝင် ထုတ်တဲ့ အရက်ကို သောက်အပြီး လူတွေ စတင်နေမကောင်းဖြစ်ခဲ့တာလို့ ဂိုလာဂတ်ထ် ခရိုင် ဒုကော်မရှင်နာ မင်းကြီးက ပြောပါတယ်။
တချို့ လူနာတွေက အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဆေးရုံရောက်လာတဲ့ လူတွေက ဆိုးဆိုးရွားရွား အော့အန်နေပြီး ရင်ဘတ် အလွန်အမင်း နာကျင်တာနဲ့ အသက်ရှူရခက်တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို ဆရာဝန် ရာတူးလ် ဘော်ဒိုလွိုင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
သေဆုံးမှုတွေကို စစ်ဆေးဖို့ အာသံဝန်ကြီးချုပ်က အမိန့်ထုတ်ထားပါတယ်။ တရားမဝင် အရက်ရောင်းမှုနဲ့ အမျိုးသားတယောက်ကို ပြည်နယ်ရဲတွေက ဖမ်းထားပြီး အရက်ရောင်းချတာကို သေချာမစစ်ဆေးတဲ့ ဌာနဆိုင်ရာ အရာရှိ ၂ ယောက်ကို ရာထူးက ရပ်ဆိုင်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဆိပ်သင့် အရက် မက်သနောကို အလွန်အကျွံ သောက်မိရင် မျက်စိကွယ်တာ၊ အသည်းပျက်စီးတာနဲ့ သေဆုံးတာတွေ ဖြစ်စေနိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှာ နှစ်စဉ် အရက်အဆိပ်သင့်မှုကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးလေ့ ရှိပါတယ်။
အိန္ဒိယမှာ နှစ်စဉ် အရက် လီတာပေါင်း ငါးဘီလျံ ထုတ်လုပ်တယ်လို့ ခန့်မှန်းထားပြီး ၄၀ ရာခိုင်နှုန်းက တရားမဝင် ထုတ်လုပ်တာလို့ အိန္ဒိယ နိုင်ငံတကာ ဝိုင်နဲ့ အရက် အသင်းက ပြောပါတယ်။