အသက်အငယ်ဆုံး သွင်းဂိုး ၅၀ ပြည့်ကစားသမားအဖြစ် အမ်ဘာပေ စံချိန်သစ်တင်

ပြင်သစ်လူငယ်ကြယ်ပွင့် အမ်ဘာပေဟာ ၄၅ နှစ်အတွင်း အသက်အငယ်ဆုံး ကစားသမားတဦးအနေနဲ့ သွင်းဂိုး ၅၀ ပြည့်မြောက်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မနေ့က ပွဲစဉ်မှာ အမ်ဘာပေရဲ့သွင်းဂိုး ၂ ဂိုး အပါအဝင် နီမက်စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၇ မှတ်ဖြတ်ပြီး ဦးဆောင်ခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ အသက် ၂၀၊ ၂ လ၊ ၃ ရက်နဲ့ သွင်းဂိုး ၅၀ ပြည့်အောင်သွင်းယူ သူဖြစ်ပြီး ၁၉၈၂ ခုနှစ်က ယာနစ်စတိုပိုင်ယာရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။ အမ်ဘာပေဟာ အသက်ငယ်ရွယ်ပေမယ့် အများနဲ့မတူတဲ့ ခြေစွမ်း၊ ကြံ့ခိုင်မှုနဲ့အတူ ပြိုင်ဘက်အသင်းကို အခက်တွေ့စေတဲ့ ကစားသမားဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နာမည်ကျော် နောက်ခံလူ မာဆယ်လို ကိုယ်တိုင်က တားဆီးရအခက်ဆုံး တိုက်စစ်မှူးဟာ မက်ဆီမဟုတ်ဘဲ အမ်ဘာပေဖြစ်ကြောင်း ပြောကြားထားပါတယ်။ အမ်ဘာပေဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ကမ္ဘာ့ဖလားအပါအဝင် ဆုတံဆိပ် အတော်များများကို ဆွတ်ခူးထားနိုင်သူဖြစ်ပါတယ်။

More News
Up