Home
မြန်မာသတင်း
လွှတ်တော်က ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်နေတာ အများကြီးရှိဟု တပ်မတော် တာဝန်ရှိ ပြော
ပိုင်စိုး
·
February 24, 2019
လွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်နေတာ အများကြီး ရှိတယ်လို့ တပ်မတော် သတင်းအမှန် ပြန်ကြားရေးကော်မတီ ဒု ဥက္ကဋ္ဌက ပြောပါတယ်။ မနေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေဆိုရင် သိသာထင်ရှားတယ်လို့ ပြောပါတယ်။ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက “ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စတွေ မှန်သမျှ ကျနော်တို့ တပ်မတော်ကနေ ထောက်ခံဆောင်ရွက်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ဥပဒေနဲ့ မညီတဲ့ အကြောင်းအရာ မှန်သမျှတွေလည်း ကန့်ကွက်ဆောင်ရွက်ခဲ့ပါတယ်။ မှတ်တမ်းတွေ ပြန်ကြည့် ကြည့်လိုက်ပါ အားလုံးတွေ့ပါလိမ့်မယ်။ ထင်ထင်ရှားရှား မြင်မြင်သာသာ တွေ့နိုင်ပါ တယ်။ ဥပမာတခု အနေနဲ့ အထင်ရှားဆုံးဥပဒေအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံဥပဒေ၊ ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ကျနော်တို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေကနေ ဒါအခြေခံဥပဒေနဲ့မညီဘူးလို့ ကျနော်တို့ ကန့်ကွက်ခဲ့တယ်။ အားလုံးမှတ်မိကြမှာပါ။ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးလိုက်တဲ့အတွက် ဥပဒေကို ကျော်လွန်ဆောင်ရွက်နေတာ ကျနော်တို့ဘာမှ မပြောခဲ့ဘူး။ ဒါ သိသာထင်ရှားလွန်းတဲ့ အချက်ဖြစ်ပါတယ်။ ကျန်တဲ့အချက်ပေါင်း များစွာ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တဲ့ အချက်တွေကို တပ်မတော်ကနေ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့မှုများအပေါ်မှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမဆို ဘယ်လူမှုအဖွဲ့အစည်းမဆို အစိုးရအပါအဝင် ကျနော်တို့ ထောက်ခံ ဆောင်ရွက်မှုတွေ ရှိပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွေမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့နဲ့ ပတ်သက်ပြီး တပ်မတော်က ကန့်ကွက်ခဲ့ကြပြီး အရေးကြီးအဆိုရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ ကန့်ကွက် တင်ပြခဲ့တာလို့လည်း သူက ပြောပါတယ်။ “တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကန့်ကွက်နေတာ မဟုတ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်တာဟာ ဥပဒေနဲ့မညီကြောင်းသာ ကန့်ကွက် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးပါတီ အဖွဲ့အစည်း မဟုတ်သလို အတိုက်အခံ ပါတီလည်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးအတွက်၊  တပ်မတော်ရဲ့ အဓိကတာဝန်ရှိတဲ့ အချက်တွေကို ကာကွယ် စောင့်ရှောက်နေတာလို့လည်း ပြောပါတယ်။ ပြီးတော့ ဒီလို ဥပဒေကျော်လွန်လုပ်တာတွေနဲ့ ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေ ရလဒ်တွေ ဘယ်လို ရှိလာမယ်ဆိုတာကို စောင့်ကြည့်သွားရမယ်လို့လည်း ပြောပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးကလည်း ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်ခဲ့တာဟာ နည်းဥပဒေနဲ့ မကိုက်ဘူးလို့ ပြောပါတယ်။ “ဒါ ခေါင်းစဉ်တပ်လို့ မရဘူးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလို့ ခေါင်းစဉ်တပ်လို့ရှိရင် ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ ပါအတိုင်း သွားရမယ့်လမ်းကြောင်း ဖြစ်ပါတယ်။ ဖွဲ့စည်းလို့ရပါတယ်၊ မရဘူးလို့မဟုတ်ပါဘူး၊ ရပါတယ်။ ပြည်ထောင်စု လွှတ်တော် ဥပဒေ ပုဒ်မ ၇(ခ) အရသော်လည်းကောင်း၊ နည်းဥပဒေ ၁ဝ၅-(က) အရလည်းကောင်း၊ ပူးပေါင်းကော်မတီ တွေ ဖွဲ့စည်းမယ်ဆိုလို့ရှိရင် ဖွဲ့စည်းလို့ရတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ ခေါင်းစဉ်တော့ တပ်လို့တော့ မရပါဘူး။ ခေါင်းစဉ်ကိုက ဥပဒေနဲ့မညီဘူးဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံတော်အခြေခံမူ ၄၈ ချက်မထိခိုက်ဖို့လိုတယ်လို့လည်း တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို မြို့နယ်အချို့မှာ ကျင်းပနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024