Live
Home
မြန်မာသတင်း
မြင်းခြံတွင်​ စီပီ​ပြောင်းဆန်ဈေး ဆက်​တိုက်​ကျဆင်း​နေ၍ တောင်သူများ အရှုံးပေါ်
DVB
·
February 24, 2019
မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​မှာ​ စီပီ​ပြောင်းဆန်တွေ စေျးနှုန် ဆက်တိုက်ကျဆင်းနေတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ မြင်းခြံမြို့ ရတနာမင်း စီပီ​​ပြောင်းဆန် ​ရောင်းဝယ်​​ရေးပွဲရုံမှ မရင်​ရင်​​ဌေးက  အဓိက တရုတ်ဘက်က လမ်းပိတ်ထားတာကြောင့် အထွက်မရှိတော့ဘဲ အခုလို ဈေးနှုန်း ဆက်တိုက်ကျဆင်းလာတာလို့ ပြောပါတယ်။ "မနှစ်​က စီပီ​ပြောင်းဆံ စ​ပေါ်ချိန်​က ​ဈေးနှုန်းကို အမြင့်ဈေးနဲ့ စ​ပေးဝယ်​ရတယ်​။ ပြီး​တော့ တရုတ်​ဘက်​ကလည်း ဝယ်​ယူတာဆို​တော့ ​ဈေး​ကောင်းရတယ်​​ပေါ့။ ဒီနှစ်​မှာ​တော့ တရုတ်​လမ်းပိတ်​ထား​တော့ ပြည်​တွင်း​ဈေးမှာပဲ ရောင်းချ​နေရ​တော့ ​ဈေးကအကျပဲ ဖြစ်​​နေတယ်​။ ခု​လော​လောဆယ်​မှာ မန္တလေးကစက်​ရုံနဲ့ မြို့သာစက်​မှုဇုန် စက်​ရုံ​တွေကဝယ်​ယူ​နေတယ်​။ ဒါကလည်း ​ရေရှည်​​တော့မဟုတ်​ဘူး။ အဓိက တရုတ်​လမ်းပွင့်မှ တရုတ်​ဘက်​က ဝယ်​ယူမှ ​ဈေးနှုန်းအ​ပြောင်းအလဲရှိနိုင်​မယ်​၊ ခုအတိုင်းဆို စီပီ​ပြောင်းဆန်ဈေးက ဆက်​ကျသွားဖို့ရှိတယ်​၊ စိုက်​ပျိုးတဲ့​ တောင်​သူ​တွေလည်း အရှုံး​ပေါ်​နေတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ စီပီ​ပြောင်း ၈ ဧက စိုက်​ပျိုးထားတဲ့ ​နေရင်း​ပေါက်​​တောရွာမှ ဦးဖိုးဝက “ကျ​နော်​တို့အခု ​ဈေးနှုန်းနဲ့က အရှုံး​ပေါ်​နေတယ်​၊ ​တောင်​သူလုပ်​ရတာက အစစအရာရာ​ ကုန်​ကျစရိတ်​​တွေကများတယ်​။ ​မြေဆီ၊ စက်​သုံးဆီ၊ စီပီ​ပြောင်းဆံမျိုး​စေ့​ဈေး၊ အလုပ်​သမားခ နဲ့ သယ်​ယူစရိတ်​စတာ​တွေက ဒီနှစ်​အကုန်​​ဈေးမြင့်​တယ်​။ ခု ကိုယ်​​ရောင်းရတဲ့​ဈေးက အကျ​ဈေးဖြစ်​​နေ​တော့ အရှုံးများတာ​ပေါ့” လို့ ပြောပါတယ်​။ ပြီးခဲ့နှစ်​က စီပီ​ပြောင်းကို အမြင့်ဈေး ၁ ပိဿာကို ၅၃၅ ကျပ်​​ကနေ ၆၂၅ ကျပ်​​ဈေးထိ အရောင်းအ၀ယ်ဖြစ်ခဲ့​ပြီး အခုနှစ်မှာတော့ ၁ ပိဿာချိန်​ကို ၄၃၀ ကျပ်​နှုန်းနဲ့ အ​ရောင်​အဝယ်​ပြုလုပ်​​နေရတယ်လို့ သိရပါတယ်။ စီပီ​ပြောင်းဆန်မျိုး​စေ့ကို ထိုင်းနိုင်​ငံက အဓိကထုတ်​လုပ်​တင်​သွင်းဖြန့်​ချိတာဖြစ်​ပြီး မြန်​မာနိုင်​ငံ ​နေရာအနှံ့အပြားမှာ စိုက်​ပျိုးလို့ရတဲ့ သီးနှံအမျိုးအစားထဲမှာ ပါဝင်​ပါတယ်။ မြင်းခြံမြို့နယ်​မှာ​တော့ ဧရာဝတီမြစ်​​ကြောင်းတလျောက်​ရှိ ​မြေနုကျွန်း​မြေတွေမှာ တ​နှစ်​ကို နှစ်​ရာသီ စီပီ​ပြောင်းဆန်ကို အများဆုံး စိုက်​ပျိုး​နေကြတာလည်း ဖြစ်​ပါတယ်​။ သတင်းနှင့်ဓာတ်ပုံ - ရီရီထွန်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024