သမ္မတထရမ့်နှင့် ဆွေးနွေးရန် မြောက်ကိုရီးယားခေါင်းဆောင် ဗီယက်နမ်ကို သွားရောက်

827
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းကို မြို့တော်ပြုံယမ်းကနေ မီးရထားနဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့ခင်းပိုင်းမှာ ထွက်သွားပြီလို့ မြောက်ကိုရီးယားအစိုးရက အတည်ပြုပြောဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖျက်သိမ်းရေး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ဆွေးနွေးမယ့် ဒုတိယအကြိမ် ထိပ်သီးညီလာခံအတွက် အစည်းအဝေး မကျင်းပမီ ရက်ပိုင်းအလိုမှာ ကြိုတင်သွားရောက်တာပါ။
ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ကျင်းပမယ့် ထိပ်သီးညီလာခံကို တက်ဖို့ နျူကလီးယားရေးရာ သံတမန် ကင်မ်ယောင်ချိုး၊ နိုင်ငံခြားရေး ဝန်ကြီး ရိယောင်ဟိုနဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျွန်းတို့ အပါအဝင် မြောက်ကိုရီးယား အကြီးတန်း အရာရှိတွေလည်း လိုက်လာခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ပြောပါတယ်။
ကင်မ်ဟာ ဗီယက်နမ် လက်ရှိ အာဏာရ ကွန်မြူနစ် ပါတီ အတွင်းရေးမှူးချုပ်နဲ့ သမ္မတ ဖြစ်သူ ဝင့်ဖှူထရွန်ရဲ့ ဖိတ်ကြားချက်အရ လာမယ့်ရက်တွေအတွင်း ဗီယက်နမ်ကို တရားဝင် အလည်အပတ် ရောက်လာမယ်လို့ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။