Home
မြန်မာသတင်း
သာစည်တွင် အိမ်သာကျင်းထဲ ဆိုင်ကယ်သော့ဆင်းကောက်ရာမှ ၁ ဦးသေဆုံး
DVB
·
February 23, 2019
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဘုရားငါးဆူရွာမှာ ဖေဖော်ဝါရီ ၂၂ရက်ညက အိမ်သာကျင်းထဲကျသွားတဲ့ ဆိုင်ကယ်သော့အား ကောက်ရာမှာ ၁ ဦး သေဆုံးပြီး အမျိုးသား၁ဦး မေ့မြောခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။ သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "အသက်ရှူကျပ် အောက်ဆီဂျင်ပြတ်ပြီး ဖြစ်ကုန်တာပါ။ အမျိုးသား ၁ ဦးကတော့ သေဆုံးသွားတယ်၊ သာစည်ဆေးရုံ ပို့ပေးတယ်၊ အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရလို့ သာစည်ဆေးရုံက ပြောင်းရွှေ့ပြီး မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ သာစည်မြို့နယ် မုံပင်ဆုံရွာနေသူ ဦးချမ်းမြ (၄၇နှစ်) က ဘုရားငါးဆူရွာရှိ အိမ်ခြံဆီ ဆိုင်ကယ်နဲ့ အလည်လာရင်း အိမ်သာကျင်းထဲ သော့ကျသွားခဲ့တာကြောင့် ခြံစောင့်လုပ်နေသူ ကျွဲတပ်ဆုံရွာနေ ပြည့်စုံဖြိုးကျော် (၂၄နှစ်) က အိမ်သာကျင်းထဲ ဆင်းဆယ်ရာက ပြန်တက်မလာတောလို့ အော်ဟစ်အကူအညီတောင်းခံရာမှာ ဦးချမ်းမြ ဆက်ဆင်းခဲ့ရာ ၂ ဦးလုံး ပြန်မတက်နိုင် ဖြစ်ခဲ့တာပါ။ ရွာက လူတွေ ရောက်လာပြီး ကူညီကယ်ဆယ်ရာ ဦးချမ်းမြကတော့ မေ့မြောနေပြီး ပြည့်စုံဖြိုးကျော်ကတော့ သေဆုံးသွားပါတယ်။ ဘုရားငါးဆူရွာနေ ဦးသန်းဆောင်က "အိမ်သာကျင်းက အနက် ၁၂ ပေ၊ အကျယ် ၅ ပေ လောက်ရှိတယ်၊ ဝါးကပ် အဖုံးဖုံးထားတာပေါ့။ အဲအဖုံးဖယ်ပြီး ဆင်းလိုက်တာ အညစ်အကြေးက ၂ ပေလောက် နက်နေတယ်။ ရွာကကယ်တဲ့ သူတွေက ခါးကိုကြိုးချီပြီး ခက်ခက်ခဲခဲ ဆယ်ယူရတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ ပြည့်စုံဖြိုးကျော် သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် သာစည်မြို့မရဲစခန်းက သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024