Home
မြန်မာသတင်း
နို့စိမ်းအမည်တပ်ပြီး နို့တစက်မှမပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန ဒုညွှန်ချုပ်သတိပေး
DVB
·
February 22, 2019
နို့စိမ်းအမည်တပ်ပြီး နို့လုံးဝ မပါတာကြောင့် စားသုံးသူတွေအနေနဲ့ ကြည့်ရှုစားသုံးကြဖို့ စားသုံးသူရေးရာဦးစီးဌာန ဒုညွှန်ချုပ်က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားပြီး ၂၀၁၇ ခုနှစ်မှာ စတင်အာဏာတည်ခဲ့တဲ့ ယှဉ်ပြိုင်မှုဥပဒေနဲ့ပတ်သက်လို့ အသိပညာပေးရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက်က မုံရွာမြို့ ကုန်စည်ဒိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်လာတဲ့ စီးပွားကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန ဒုညွှန်ချုပ်က နို့စိမ်းတွေကို ကြည့်ကျက်စားကြဖို့ သတိပေးပြောဆိုခဲ့တာပါ။ “နို့စိမ်းဆိုပြီးတော့ကျ နွားနို့တစက်မှ မပါပါဘူး။ စားအုန်းဆီတောင် စက်မှုကုန်ကြမ်းသုံးတဲ့ အညံ့စားနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေးထားတယ်။ ပြန်လေ့လာကြည့်ပါ။ ဒါကြောင့် ဒီကရှေ့လျှောက် နို့စိမ်းတွေ ကြည့်ကျက်စားကြပါ။ နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ်နဲ့ လုပ်တယ်လို့ မပြောပါနဲ့။ ပါဝင်ပစ္စည်းထဲမှာ Milk No မပါဘူး။ လုံးဝမပါပါဘူး” လို့ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်းက ပြောဆိုခဲ့တာပါ။ ဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး တံဆိပ်တွေ မျိုးစုံတပ်၊ အမည်တွေ မျိုးစုံပေးပေမယ့် ပါဝင်ပစ္စည်းဖော်ပြထားပြီး ဥပဒေလွတ်အောင် လုပ်ထားတယ်လို့လည်း ဆိုပါတယ်။ ယှဉ်ပြိုင်မှု ဥပေဒအရ စီးပွားရေးလက်ဝါးကြီးအုပ်တာ၊ ဈေးကွက်ကစားချင်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ညှိနှိုင်းပြီး ဈေးနှုန်းသတ်မှတ်တာ၊ လေလံ၊ တင်ဒါကိစ္စတွေမှာ စီးပွားရေးသမားအချင်းချင်း ညှိနှိုင်းရယူတာ၊ နားလည်မှုနဲ့ ထုတ်လုပ်မှု ကန့်သတ်တာ၊ ဈေးကွက်ခွဲဝေ ရယူတာ၊ ဈေးကွက်လွှမ်းမိုးမှုကို အလွန်အမင်းမြင့်မားစေရန်ရည်ရွယ်ပြီး ပူးပေါင်းတာ၊ ယှဉ်ပြိုင်မှုကို ကျဆင်းစေတဲ့ ပူးပေါင်းညှိနှိုင်းမှု၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ဈေးလျှော့ ရောင်းဝယ်တာ စတာတွေနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။ တိုင်ကြားချက်တွေကိုလည်း ကော်မရှင်ဖွဲ့စည်းကာ ကော်မရှင်ကနေ ဆုံးဖြတ်ချက်ကို ခံယူရမှာဖြစ်ပါတယ်။ ဥပဒေအသက်ဝင်ပြီး ၂ နှစ်တာကာလအတွင်းမှာ တိုင်ကြားမှု ၁၀ မှုသာ ရှိသေးပြီး ပြီးပြတ်ရင် ထုတ်ပြန်ကြေညာပေးသွားမယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024