Home
မြန်မာသတင်း
မူးယစ်ဆေးကိစ္စ မသိချင်ယောင်ဆောင် မဖမ်းဆီးဘဲထားသူများကို အရေးယူမည်ဟု သမ္မတ သတိပေး
DVB
·
February 22, 2019
မူးယစ်ဆေးဝါးကိစ္စတွေမှာ တာဝန်ရှိသူအချို့ မသိချင်ယောင်ဆောင် မျက်နှာလွှဲပြီး မဖမ်းဆီးဘဲ ထားတာတွေကို တိတိကျကျ အရေးယူသွားမယ်လို့ သမ္မတ ဦးဝင်းမြင့်က သတိပေးလိုက်တယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မနေ့က ဟားခါးမြို့မှာ တွေ့ဆုံပြီး အခုလို သတိပေးလိုက်တာပါ။ “မူးယစ်ဆေးဝါးပြဿနာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ကြိုးပမ်း ဆောင်ရွက်မှုများ ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများတွင် တချို့က မသိချင်ယောင် ဆောင်၍ မျက်နှာလွှဲထားသည်များ ရှိပါကြောင်း၊ ဖမ်းဆီးရမည်ကို မဖမ်းဆီးဘဲထားခြင်း၊ အရေးယူရမည်ကို အရေးမယူဘဲထားခြင်း စသည့်ကိစ္စများ တွေ့ရှိလာပါက တိတိ ကျကျ အရေးယူသွားမည်ဖြစ်ပါကြောင်း။” တရားစီရင်ရေးပိုင်းမှာလည်း ပြန်လည်တည့်မတ်ရမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုရှိမှ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမှာဖြစ်လို့ နိုင်ငံသူနိုင်ငံသားအားလုံး တရား ဥပဒေရှေ့မှောက်မှာ ညီတူညီမျှဖြစ်ရမယ်လို့ ဆိုပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ လိုအပ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ တခုနဲ့တခု ဝင်စွက်ဖက်လို့ မရကြောင်း၊ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ဆောင်ရွက်ချက် မှန်ကန်မှု၊ မျှတမှု ရှိ မရှိကို အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးပိုင်းက အပြန်အလှန် ထိန်းကျောင်းပေးရမယ်လို့လည်း သမ္မတက ပြောကြားသွားပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ လက်ရှိတည်ဆောက်နေတဲ့ (ဆူရ်ဘုန်) လေယာဉ်ကွင်းကိုလည်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ သတ်မှတ်ချိန် အတွင်း စီမံကိန်းလုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024