မြန်မာ့အရေး ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်အောင်လုပ်သူများကို ကြံ့ခိုင်ရေးပါတီ တရားစွဲမည်
အောင်ဆန်းဦး
·
February 21, 2019
မြန်မာနိုင်ငံအရေး ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခံရအောင် လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံတွေကို တရားစွဲဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်က ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းအနေနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။
“ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ရတာတွေဟာ ဒီနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အင်မတန်မှ ထိခိုက်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဒီလိုဖြစ်အောင် သတင်းမှားတွေ မျိုးစုံ လုပ်ကြံဖန်တီးပြီးတော့ မဟုတ်မမှန်လုပ်ကြံဖန်တီးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ နိုင်ငံတွေကို တရားပြန်စွဲပါမယ်။ တရားပြန်စွဲနိုင်အောင်လည်းပဲ တချို့အချက်အလက်တွေ ရထားပြီးဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့တို့ နိုင်ငံက တရားဥပဒေအရ ဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။ ဘယ်လိုဖြစ်ဖြစ်စွဲလို့ရတယ်။ ငါတို့ အဖွဲ့အစည်းအနေနဲ့လည်း တရားစွဲလို့ ရတယ်။”
ဒီလိုတရားဆွဲဆိုနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ MWD ရုပ်သံတို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေအပေါ် အခြေခံပြီး ကွဲလွဲမှုတွေရှာဖွေကာ သက်သေအဖြစ် တင်သွင်းသွားဖို့ စီစဉ်ထားတယ်လို့လည်း ဦးလှဌေးဝင်းက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်အပေါ်မူတည်ပြီး မြန်မာ့တပ်မတော်အပေါ် စွပ်စွဲထားတဲ့ဒေသက ပြည်သူတွေကို မေးမြန်းထားတဲ့မှတ်တမ်းတွေလည်း ရယူထားတဲ့အပြင် လူသက်သေတွေကိုလည်း စုဆောင်းထားပြီးဖြစ်တာကြောင့် လုပ်ကြံထားတဲ့သူတွေနဲ့ အဖွဲ့အစည်း တွေကို သက်ဆိုင်ရာနေရာဌာနအလိုက် တရားစွဲသွားမယ်လို့လည်း ဦးလှဌေးဝင်းက ဆိုပါတယ်။