Home
မြန်မာသတင်း
မြန်မာအပေါ် လူ့အခွင့်အရေးစွပ်စွဲချက်များကို တုံ့ပြန်ရန်ကိစ္စ ဆွေးနွေးရန် လွှတ်တော်ဆုံးဖြတ်
နေဖြိုးဝင်း
·
February 21, 2019
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေအပေါ် ထိထိရောက်ရောက် ပြန်တုံ့ပြန်သွားဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုတရပ်ကို ဆွေးနွေးဖို့  ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ကုလသမဂ္ဂညီလာခံမှာ OIC၊ EU၊ UNHRC တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆုံးဖြတ်ချက်ကို ဒီလမကုန်ခင် တင်နိုင်ဖို့ လုပ်ဆောင်နေတာဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို အကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံပြိုကွဲပျက်စီးအောင် ထောင်ချောက်ဆင်ထားတဲ့ နိုင်ငံရေး Agenda ကို ဖော်ဆောင် နေတာကြောင့် နိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲကင်းကင်းနဲ့ စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်သွားရေးစီမံသွားဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို  ကြံ့ခိုင်ရေးပါတီ ဒုသမ္မတဟောင်း ဦးဥာဏ်ထွန်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်တာပါ။ ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဟောင်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းက “အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့စွပ်စွဲတာတွေကို မခံနိုင်တဲ့အတွက် ၀ါသနာတူ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေပါတဲ့ အဖွဲ့ဖွဲ့ပြီး ကုလ သမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရခိုင်ဒေသကို သွားရောက်မေးမြန်းထားတဲ့ အချက်အလက် တွေကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုပေးပို့ထားတယ်”လို့ ပြောပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် စိတ်ပူရတဲ့ အနေအထားဖြစ်လို့ ဦးဥာဏ်ထွန်း အနေနဲ့ ဒီအဆိုကို တင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဆိုကို လက်ခံဆွေးနွေးဖို့ သဘောတူအတည်ပြုခဲ့တဲ့အတွက် ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိပါက  ဖေဖော်ဝါရီ ၁၅ ရက် တနင်္လာနေ့ မွန်းလွဲ ၁ နာရီ နောက်ဆုံးထား အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024