မောင်တောခရိုင်ရှိ နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆ ထပ်တိုးပေး
DVB
·
February 21, 2019
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှစ်ဆထပ်မံ ခံစားခွင့်ပြုလိုက်တယ်လို့ ရခိုင်ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက တရားဝင်စာ ထုတ်ပြန်လိုက်ပါတယ်။
မောင်တောခရိုင် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ အဆင့်အလိုက်ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေကို ၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအတွက် မူရင်းလစာရဲ့ နှစ်ဆကို ထောက်ပံ့ငွေအဖြစ် ဆက်ခံစားခွင့်ပြုပြီး နေ့စားအလုပ်သမားတွေရဲ့ နေ့စားလုပ်ခကို ကျပ် ၆၅၀၀ နှုန်းနဲ့ ဆက်လက်ခံစားခွင့်ပြုကြောင်း ရခိုင်ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမော် လက်မှတ်ထိုးကာ ဖေဖော်ဝါရီ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပဋိပက္ခတွေဖြစ်ပွားလေ့ရှိတဲ့ မောင်တောခရိုင်ရှိ နိုင်ငံ့ဝန်ထမ်းတွေကို ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေအရ အထူးကိစ္စတရပ်အနေနဲ့ အခုလို ခံစားခွင့်ပြုပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း အစိုးရကို တင်ပြတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မောင်တောခရိုင်ရှိ အစိုးရ၀န်ထမ်းတွေကို ၂၀၁၆ သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေအပြီး အခုလို ၃ လတကြိမ်စီ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
ဗညား