ဘရက်ဇစ်ကိုင်တွယ်ဖြေရှင်းပုံ မကျေနပ်၍ ဗြိတိန်အာဏာရပါတီဝင် ၃ ဦး နုတ်ထွက်

ဓာတ်ပုံ - AFP
ဥရောပသမဂ္ဂ (အီးယူ) လွှတ်တော်အမတ်လည်းဖြစ်ပြီး ဗြိတိန်ရဲ့ လက်ရှိအာဏာရပါတီဝင်လည်း ဖြစ်သူ ၃ ဦးဟာ အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး ဘရက်ဇစ်အပေါ် ကိုင်တွယ်ဖြေရှင်းပုံတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ပါတီကနေ နုတ်ထွက်သွားပါတယ်။ ဒါဟာ ပါတီတွင်းညီညွတ်ဖို့ ကြိုးစားနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေအတွက် ကြီးကျယ်တဲ့ ထိုးနှက်ချက် တရပ်ပါ။ ဘရက်ဇစ်အတွက် မေရဲ့ ဗျူဟာတွေကို လွှတ်တော်အမတ်တွေက ဝေဖန်နေတာ ကြာပါပြီ။ EU သြဇာကြီးထွားလာတာကို ဆန့်ကျင်တဲ့ ရှေးရိုးစွဲဆိုတဲ့ ယုံကြည်ချက်ကြောင့်လို့လည်း မီဒီယာတွေက ရေးပါတယ်။ နုတ်ထွက်သွားတဲ့ ပါတီဝင်တွေက သူတို့ဟာ အတိုက်အခံလေဘာပါတီက နိုင်ငံရေးသမားဟောင်း ၇ ယောက် တည်ထောင်ထားတဲ့ လွှတ်တော်တွင်းက အုပ်စုသစ်ကို သွားပူးပေါင်းမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ခုလိုနုတ်ထွက်မှုကြောင့် မေရဲ့ ပါတီဟာ လွှတ်တော်ထဲမှာပိုပြီး အင်အားနည်းသွားတာပါ။ အရင်အပတ်က မေတင်သွင်းတဲ့ သဘောတူညီချက်ဟာ ကမ္ဘာ့အဆိုးရွားဆုံးလို့ EU ကို ထောက်ခံသူတွေရော ကန့်ကွက်သူတွေကပါ ပြောဆိုပြီး လွှတ်တော်ထဲမှာ ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။ သူတို့ဟာ အီးယူလွှတ်တော်အတွင်း မေရဲ့ညှိနှိုင်းမှု ရပ်တည်ချက်ကိုပါ လှိုက်စားနိုင်စွမ်း ရှိနေတာပါ။ မေဟာ ဥရောပ ကော်မရှင် ဥက္ကဌ ယန်းကလော်ဒီယန်ကာနဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးပြီး သဘောတူညီချက်ကို ပြန်သုံးသပ်ဖို့ နောက်ထပ် လုပ်ငန်းစဉ်တွေ စီစဉ်ရေး ကြိုးစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up