Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်အဖွဲ့ မိုင်းထောင်နေဆဲဟု ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီး ပြော
DVB
·
February 21, 2019
အန်စီအေလက်မှတ်ထိုးပြီးနောက် မိုင်းရှင်းလင်းရေး ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူ ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်ဘက်က လုံခြုံမှုမရှိတဲ့နေရာတွေမှာ မိုင်းတွေ ထောင်နေဆဲပဲလို့ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံးခန်းမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဆောင်ရွက်နေမှုအခြေအနေကို ဒီဗွီဘီက သီးသန့်သွားရောက်တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။ လုံ/နယ်ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က “ငြိမ်းချမ်းရေးစကားပြောပြီး အန်စီအေ လက်မှတ်ထိုးပြီးတဲ့အချိန်မှာ ဒီလုပ်ငန်းတွေ အတူလုပ်ရမယ်လို့ပါတယ်။ သို့သော်လည်း သူတို့က ပူးပေါင်းချင်တယ်။ ဆောင်ရွက်ချင်တယ်ဆိုတဲ့အပေါ်မှာ သူတို့ဘာသာ သူတို့လုံခြုံမှုမရှိနိင်တဲ့ နေရာမှာ ထောင်နေတုန်းပဲ”လို့ ပြောပါတယ်။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ကျုံထော်ရေတံခွန်အနီးမှာ ကာကွယ်ရေးဝန်ကြီးဌာနက မိုင်းရှင်းလင်းရေး လုပ်ဆောင်ဖို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်ရင်းတွေနဲ့ညှိနှိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ၃ လ တကြိမ်ကျင်းပနေ သလို မိုင်းရှင်းလင်းရေးလုပ်ငန်း စတင်ဆောင်ရွက်နိုင်ဖို့ သေချာတဲ့နေ့ရက်အတိအကျကို သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဝင်ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။ ကရင်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် ဦးစောဘိုးနီက“မိုင်းနဲ့ ဒဏ်ရာရတဲ့သူတွေကို မြင်ရတဲ့ ပြည်သူ မှန်သမျှက ဒီဒုက္ခက ဘယ်သူမှ မမြင်ချင်ဘူး။ အဲဒါ့ကိုကျနော်တို့က မိုင်းမရှိမှ ဒီဒုက္ခကြီးက လွတ်မြောက်မှာ”လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ် ပထမငါးလအတွင်း တနိုင်ငံလုံးအတိုင်းအတာအရ မိုင်းအန္တရာယ် ဖြစ်စဉ်ပေါင်း ၁၂၇ ခု၊ ထိခိုက်သူပေါင်း ၅၉ ဦး၊ သေဆုံးသူ ၂၃ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ၁ ဦးက ကလေးသူငယ်တွေဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲမှာ အထူးကိစ္စရပ်အနေနဲ့ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ မသန်စွမ်းသူအပါအ၀င် တစ်ဦးကို ကျပ် ၁ သိန်းနှုန်းနဲ့ ကျပ်သိန်းပေါင်း ၆၀၀၀ နီးပါးကို အစိုးရက ထောက်ပံ့ပေးထားပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024