ပျဉ်းမနားတွင် ကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 20, 2019
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း (၂)လမ်းမှာရှိတဲ့ နေအိမ်တအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးရာမှာ ကျပ် သိန်း ၃၀ ကျော်တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီနေအိမ်ကို ဖမ်းဝရမ်းနဲ့ ၀င်ရောက်ရှာဖွေခဲ့ရာမှ နောက်ဖေး ခြံစည်းရိုးနားက ဆေးလိပ်ဗူးခွံ့ တခုအတွင်းကနေ Wy စာတမ်းပါတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ (၅)ထုပ်နဲ့ ၁၀၀ ပြားပါတထုပ်ကို တွေ့ရှိခဲ့ပါတယ်။
ဒါအပြင် နေအိမ်ခြံဝင်းအတွင်းက မန်ကျဉ်းပင်ဘေးနားကနေ သံဗူးခွံ့ တခုအတွင်း ငွေရောင်ခဲစက္ကူနဲ့ ပတ်လိပ်ထားတဲ့ Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ပြားစီထည့်ထားတဲ့ အလိပ် ၂၀ နဲ့ ၅ ပြားစီ ထည့်ထားတဲ့ ၆ လိပ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါနေအိမ်မှာ နေထိုင်တဲ့ အောင်အောင် (ခ) ရန်အောင် ကိုလည်း စစ်ဆေးခဲ့ပြီး ငွေကျပ် ၉ သောင်းနဲ့ အတူ ဖုန်းတလုံးကိုလည်း ရှာဖွေပုံစံမှာ လက်မှတ်ရေးထိုးစေပြီး မူးယစ်ပုဒ်မ ၁၉ (က)၊ ၂၀ (က) နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။
မူးယစ်ပုဒ်မ ၁၉ (က)အရ ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အပြင် သေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၀ (က)ကတော့ ပြစ်ဒဏ်အနေနဲ့ အနည်းဆုံး ၁၅ နှစ် အကန့်အသတ်မရှိ၊ ထောင်ဒဏ်အပြင် သေဒဏ်ပါချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။