ရသေ့တောင်မြို့နယ်ရှိ ဖရဲခင်းများကို တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး
DVB
·
February 20, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာအုပ်စု၊ သာစည်ကုန်းကျေးရွာရှိ ဖရဲခင်းတွေကို တောဆင်ရိုင်းတွေက မနေ့ညက ဝင်ရောက်ဖျက်ဆီးသွားပါတယ်။
သာစည်ကုန်းကျေးရွာမှာ ကျေးရွာသူ/သားတွေတွေ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေနဲ့ ဖရဲခြံ ၂ ခြံကို တောဆင်ရိုင်းတွေ ဝင်ရောက်စားသောက်ဖျက်ဆီးသွားတာလို့ သာစည်ကုန်း ရွာသားတွေက ပြောပါတယ်။
“ရွာသူ/သားတွေက ရွာပြင်မှာရှိတဲ့ စိုက်ခင်းတွေဆီမသွား ဝံ့ကြတော့ဘူး။ မိုင်းတွေပေါက်မှာ စိုးရိမ်တယ်။ နောက်ပြီး တပ်နဲ့ရဲကလည်း ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေတယ်။ ဘယ်သူကိုမှ အပြင်ကိုထွက်ခွင့် မပေးဘူး။ ဒါကြောင့် စိုက်ပျိုးထားတဲ့ ဖရဲခင်းအချို့ တောဆင်ရိုင်း တွေ ဝင်ရောက်စားသုံး ဖျက်ဆီးတာကို ခံလိုက်ရတာပါ။ ဖရဲခင်းတခင်း စိုက်ပျိုးနိုင်ဖို့က အရင်းအနှီး ကြီးမားပါတယ်။ တဧက တခင်းကို ၆ သိန်းလောက် ကုန်ကျပါတယ်။ အခုကတော့ သာစည်ကုန်း ကျေးရွာမှာ ဖရဲခင်း ၂ ခင်း ၁၂သိန်းဖို့လောက် ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ဖရဲခင်းကို ရေတင်တဲ့ ရေပိုက်တွေပါ ပျက်စီးသွားပါတယ်”
ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာအုပ်စုမှာ ပေါက်တောပြင်ကျေးရွာ၊ သာစည်ကုန်း ကျေးရွာ၊ ဆင်ပိုက်ကျေးရွာ၊ အောင်ဗလကျေးရွာ စတဲ့ ကျေးရွာ ၄ ရွာရှိပြီး ကျေးရွာအုပ်စု တခုလုံးမှာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၉၀၀ ကျော် နေထိုင်ပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်ကလည်း ရသေ့တောင်မြို့နယ် ပိတောက်မြိုင် ကျေးရွာမှာ တောဆင်ရိုင်းနင်းခံရလို့ လူတဦးသေဆုံးခဲ့ရပါတယ်။
ဗညား