ဖွဲ့စည်းပုံ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် အဖွဲ့ဝင် ၃၀ပါ ကော်မတီဖွဲ့စည်း
နေဖြိုးဝင်း
·
February 20, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းအတွက် လေ့လာစိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၃၀ ဦးနဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦး အပါအ၀င် ကိုယ်စားလှယ် ၁၄၃ ဦး လက်မှတ်ထိုးပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းထားတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။
ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွား မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက အသိပေးတင်ပြခဲ့ပါတယ်။
"ဒီဥပဒေမူကြမ်းတင်ပြမှုနဲ့ပတ်သက်ပြီး စိစစ်တာမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးရဲ့ ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးထားတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ နဲ့အညီ လက်ခံဆွေးနွေးရ မှာဖြစ်ပါတယ်" လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။
ဒါကြောင့် ဒီဥပေးကြမ်းကို ဆွေးနွေးခြင်းမပြုခင် အသေးစိတ်လေ့လာစိစစ်နိုင်ဖို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်တွေ အားလုံးပါဝင်တဲ့ ‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းေ က်ာမတီ’ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅နဲ့အညီ ဖွဲ့စည်း တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။
လေ့လာစိစစ်ရေးပူးပေါင်းကော်မတီမှာ လမ်းမတော်အမတ် ဦးခင်မောင်ဝင်းက ပူး ပေါင်းကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း အမှတ် (၆)မဲဆန္ဒနယ်က ဦးဇော်မင်းက ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး စုစုပေါင်း၃၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို အမိန့်ကြေငြာစာ ထုတ်ပြန်ပြီး နောက်နေ့ကစလို့ ၁၄ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။