ဆော်ဒီနှင့် ပါကစ္စတန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုး

ဓာတ်ပုံ - APN
948
ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ဟာ ပါကစ္စတန်နဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တယ်လို့ ဆော်ဒီအစိုးရပိုင်ရုပ်သံက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
ပါကစ္စတန်ကို အလည်အပတ် ရောက်လာတဲ့ ဆော်ဒီအိမ်ရှေ့စံကို ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရန်ခန်းက ရာဝါပင်ဒီ မြို့စောင့်တပ်ရဲ့ စစ်တပ်လေဆိပ်မှာ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တာပါ။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တွေကို ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ ဂွါဒါကမ်းရိုးတန်းမြို့မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန် ရေနံချက်စက်ရုံနဲ့ ရေနံဓာတုစက်ရုံတွေအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ထိုးဖို့လည်း မျှော်လင့်ခံထားရပါတယ်။
ဂွါဒါကမ်းရိုးတန်းမြို့မှာ တရုတ်က ဆိပ်ကမ်း တည်ဆောက်နေတာပါ။
ဆော်ဒီအာရေဗျဟာ အမေရိကန်ဒေါ်လာ ၆ ဘီလျံ အကြွေးတင်နေတဲ့ ပါကစ္စတန်ရဲ့ စီးပွားရေးကို ကြွေးမြီကင်းအောင် လတ်တလောလတွေအတွင်း ကူညီနေသလို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF) နဲ့လည်း ပါကစ္စတန်အစိုးရ ညှိနှိုင်းနေပါတယ်။
ဆော်ဒီအိမ်ရှေ့စံဟာ တောင်အာရှနဲ့ တရုတ်နိုင်ငံဆီ အလည်အပတ် ခရီးစဉ်အတွင်း ပါကစ္စတန်ကို တနင်္ဂနွေနေ့က ရောက်လာတာပါ။
သူ့ခရီးစဉ်ဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှု မြင့်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။