Home
မြန်မာသတင်း
အိုင်စီစီ အဖွဲ့ဝင်မဟုတ်သဖြင့် လိုက်နာစရာမရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
February 18, 2019
မြန်မာနိုင်ငံဟာ အိုင်စီစီ (နိုင်ငံတကာရာဇဝတ် ခုံရုံး) အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ဘာမှလိုက်နာစရာအကြောင်းမရှိသလို ခြိမ်းခြောက်လို့လည်း မရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်း ရန်ကုန်ဌာနအကြီးအကဲ Mr.Ryuta SOMETAYA က ဗိုလ်ချုပ်မှူးကြီးနဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး  တပ်မတော်ခေါင်း ဆောင်ကြီးတွေအပေါ် အိုင်စီစီက အရေးယူဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့ အိုင်စီစီ အဖွဲ့ဝင်မဟုတ်ဘူး။ ကျနော်တို့ အိုင်စီစီနဲ့ ပတ်သက်ပြီး ဘာမှလိုက်နာစရာ အကြောင်းမရှိဘူး။ သူ့ဟာသူ ပြောချင်ရာပြောပါစေ။ ကျနော်တို့လည်း ကိုယ့်နိုင်ငံရဲ့ Sovereignty (အချုပ်အခြာအာဏာ) အရပဲ ကျနော်တို့ သွားရတာပဲ။ ကျနော်တို့ကိုလာပြီး ခြိမ်းခြောက်လို့လည်း မရဘူး။ အဲဒီတော့ ဆိုလိုချင်တာကတော့ ဥပဒေနဲ့အညီ ကျနော်တို့ကိုပြောပါ။ ကျနော်တို့ဥပဒေနဲ့အညီ လုပ်ပေးနေတယ်။ ကျနော်တို့ဘက်က ဥပဒေနဲ့ မညီဘူး ဆိုရင်လည်း ကျနော်တို့ကို ပြောပြလို့ရတယ်” လို့ ဆိုပါတယ်။ နိုင်ငံတကာ စာချုပ်စာတမ်းတွေမှာ လက်မှတ်ထိုးထားတာရှိပေမယ့် မလိုက်နာတာမျိုးတွေ ရှိသလို မထိုးဘဲနဲ့ လိုက်နာတာမျိုးတွေ နိုင်ငံတကာမှာရှိတယ်လို့လည်း သူက ပြောပါတယ်။ “ဒါကို လိုက်နာစရာ အကြောင်းမရှိဘူးဆိုပြီး မျက်ကွယ်ပြုတာလည်းမဟုတ်ဘူး။ နိုင်ငံတကာက နေပြီးတော့ လက်သင့်ခံနိုင်တဲ့ ဖြစ်နိုင်တဲ့ဟာမျိုး ဆိုရင်တော့ ကျနော်တို့က လက်သင့်ခံနိုင်တဲ့ အခြေအနေမျိုးရှိတယ်ဆိုရင်တော့ လိုက်နာမှာဖြစ်ပါတယ်။ ကျနော်တို့နဲ့ သဟဇာတ မဖြစ်တဲ့ဟာမျိုး လိုက်နာဖို့မဖြစ်နိုင်ပါဘူး။ ဒီမှာလည်းတချက်ပြောချင်တာပေါ့။ နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာချုပ် စာတမ်းတွေမှာ တချို့နိုင်ငံတွေ လက်မှတ်မထိုးဘူး။ သို့သော်လည်းပဲ လိုက်နာတာရှိတယ်။ သူတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ အချက်ဆို လိုက်နာပေးတယ်။ တချို့နိုင်ငံတွေက သူတို့နိုင်ငံနဲ့မကိုက်ညီရင် မလိုက်နာတာတွေရှိတယ်။ လက်မှတ်ထိုးမှ၊ မထိုးမှမဟုတ်ဘူး။ ဒါကတော့ သတိပြုရမယ့် အချက် တချက်ပါ။ သူတို့နဲ့ ဒီအချက်တွေအားလုံးကို သူတို့နိုင်ငံအတွက် လက်ခံနိုင်တဲ့ အခြေအနေ မရှိတဲ့ အတွက် လက်မှတ်မထိုးထားဘူး။ အကုန်လုံးနဲ့ မဟုတ်တောင်မှ တချို့တလေ လိုက်နာလို့ ရတယ် ဆိုရင် လိုက်နာနေတဲ့ သာဓကတွေ ကမ္ဘာပေါ်မှာအများကြီးရှိတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ ၇ သိန်းကျော်ဟာ မြန်မာနိုင်ငံမှာနေထိုင်ပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်သွားကြတဲ့အပေါ် ဘယ်လိုခံစားမှုမျိုးဖြစ်လဲလို့ အဆာဟိရှင်ဘွန်းက မေးမြန်းခဲ့ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသားတွေ မဟုတ်သလို တိုင်းရင်းသားတွေလည်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ သူတွေပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သူတို့အပါအဝင် ARSA တွေက တိုက်ခိုက်လာလို့ ပြန်ပြီး တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။ “၂ဝ၁၇ ခုနှစ်ဖြစ်စဉ်ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျတော်တို့ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ရက်တွေမှာဆိုရင် လူဦးရေ လူပေါင်း လေးငါးခြောက်ရာ လောက်ကနေ တထောင် ပတ်ဝန်းကျင်လောက်ရှိတဲ့လူတွေက လူပေါင်းနှစ်ဆယ်အစိတ်လောက်ရှိတဲ့ လုံခြုံရေး စခန်းတွေကိုတိုက်ခိုက်တာ၊ ကျေးရွာတွေကို တိုက်ခိုက်တာ တော်တော်ကိုဆိုးရွားပါတယ်။ ဒါတွေကို ကျတော်တို့က အကုန်လုံးလည်းရှင်းပြတယ်။ စုံစမ်းစစ်ဆေးရေးသွားလုပ်တဲ့ အခါမှာလည်းပေါ်တယ်။ တွေ့လည်းတွေ့၊ ဖြစ်စဉ်တွေ သက်သေ ထားပြီးလည်းပြတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့တော့ လုပ်မှာပဲ။ သူတို့ တိုက်ခိုက်မှုကို ကိုယ်ကမခုခံဘူးဆိုရင် မကာကွယ်ဘူးဆိုရင် ကိုယ့်တိုင်းရင်းသားတွေလည်း သေမှာပဲ။ အဲဒီမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း သေမှာပဲ။ လည်စင်းခံရမယ့် သဘောတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကတော့ ကျတော်တို့ တုံ့ပြန်မှုတော့လုပ်ရလိမ့်မယ်။ ဒီမှာလည်း ခုန ဘင်္ဂါလီ လူထုကနေပြီးတော့ တိုက်တယ်လို့ပြောတယ်ထင်ပါတယ်။ ARSA အဖွဲ့တွေလည်း နောက်ကနေ ပူးပေါင်းပါဝင်မှုရှိတယ်လို့ သူတို့ဗွီဒီယို မှတ်တမ်းတွေလည်း ကျတော်တို့ရှိတယ်။ အဲတော့ သူတို့ လက်နက်ကိုင်ထားတာလည်း တုတ်တွေ၊ ဓားတွေပါတယ်။ လက်လုပ်ဗုံးတွေပါတယ်။ သေနတ်တွေ ပါတယ်။ ဆိုတော့ ဒါတွေဟာ အကုန်လုံး လူတွေကိုသေစေနိုင်တဲ့ဟာတွေပဲဖြစ်တယ်။ သေစေနိုင်တဲ့ ဟာကိုတော့ ကျတော်တို့ ဒီအတိုင်း ခေါင်းငုံ့ခံလို့တော့မရဘူး ဆိုတာလေးလည်း ခင်ဗျား သဘောပေါက်ပါလိမ့်မယ်။ ဒါ တုံ့ပြန်တာကတော့ တချို့ဟာတွေမှာလည်း မလုပ်ရဲအောင် လုပ်ရတာလည်း ရှိကောင်းရှိနိုင်တာပေါ့။ သို့သော်လည်း ဥပဒေ ချိုးဖောက်ပြီး လုပ်တယ်ဆိုရင်လည်း ကျတော်တို့ အရေးယူတာတွေရှိပါတယ်။ အခုလည်း တချို့တာဝန်ရှိတဲ့သူတွေကို ထိန်းသိမ်းမှုဘက်မှာ အားနည်းမှုရှိတော့ အရေးယူတာတွေလည်းရှိတာပေါ့” လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို လူ ၇ သိန်း ရောက်သွားတယ်ဆိုတာလည်း မဖြစ်နိုင်ဘဲ သွားတဲ့ သူတွေဟာလည်း မြန်မာပြည်မှာ လုပ်ကိုင်စားသောက်လို့မရတာကြောင့် ရေကြည်ရာမြက်နုရာ သွားတဲ့သဘောပါပဲလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024