လေယာဉ်ပျက်ကျ သေဆုံးခဲ့သည့် တိုက်စစ်မှူးဆာလာ၏ ဈာပနာ ကျင်းပ

1.2K
လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့တဲ့ ကာဒစ်တိုက်စစ်မှူး အီမီလီယာနို ဆာလာရဲ့ နာရေးအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က သူ့မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံ ပရိုဂရီဆို မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ကစားဖော်တွေနဲ့ ပရိတ်သတ်များစွာ တက်ရောက်ခဲ့တယ်လို့ 9news သတင်းမှာဖော်ပြပါတယ်။
အသက် ၂၈ နှစ်အရွယ် ဆာလာရဲ့ သက်မဲ့ခန္ဓာကိုယ်ကို ပရိုဂရီဆို ဒေသခံ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြပြီး မီးမသင်္ဂြိုဟ်မီ နောက်ဆုံးအနေနဲ့ သူတို့ရဲ့လေးစားမှုကို ပြသခဲ့ကြပါတယ်။
“ဒီဖြစ်ရပ်ဟာ အရမ်းကို နာကျင်ခံစားရလို့ ဒါကို ကျနော် အခုထိ လက်မခံနိုင်သေးပါဘူး” လို့ ပရိုဂရီဆို ဒေသခံတဦးက မျက်ရည်လည်ရွဲနဲ့ ပြောပါတယ်။
“ကျနော်တို့မြို့က ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ အားလုံးကို ရပ်တန့်ကာ သူ့ကို လေးစားကြောင်း ဖော်ပြထားပါတယ်” လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
ဆာလာဟာ အာဂျင်တီးနားနိုင်ငံ ဆန်တာဖီပြည်နယ် ဂရိုပရီဆိုမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ မြို့မှာ လူသိများထင်ရှားသူတဦးဖြစ်သလို အားလုံးရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆာလာဟာ ဒီမြို့လေးမှာ ငယ်စဉ်က အီမီ ဆိုတဲ့နာမည်နဲ့ အထူးထင်ရှားတဲ့ အားကစားသမားတဦးလည်း ဖြစ်ပါတယ်။ ဆာလာဟာ သူ့အသင်းဟောင်း နန့်တက်စ်ကနေ အသင်းသစ်ရှိရာ ကာဒစ်မြိုကိုအသွား လမ်းတနေရာ အင်္ဂလိပ်ရေလက်ကြားမှာ လေ ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရတာပါ။
စစ်ဆေးမှုတွေအရ သူဟာ ဦးခေါင်းနဲ့ ရင်ဘတ်မှာရရှိခဲ့တဲ့ ဒဏ်ရာ တွေကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ဆာလာရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့သီတင်းပတ်ကမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး သူနဲ့အတူလိုက်ပါလာတဲ့ လေယာဉ်မှူးကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဆာလာရဲ့ သက်မဲ့ရုပ်အလောင်းဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီကနေတဆင့် သူ့မွေးရပ်မြေကို သယ်ဆောင်လာခဲ့တာပါ။