Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ရေးကော်မတီနှင့်ဖြစ်မြောက်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးပျက်
DVB
·
February 17, 2019
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ရှိ အင်ပါယာဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ရေးကော်မတီနဲ့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းတဲ့ အစည်းအဝေး ပျက်သွားပါတယ်။ ဒီတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှာ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဘက်က ဆွေးနွေးမှု မပြီးခင် ထပြန်သွားတာကြောင့် သဘောတူညီချက်မရဘ ညှိနှိုင်းအစည်းအဝေး ပျက်သွားတာလို့ သိရပါတယ်။ ကြေးရုပ်ကန့်ကွက်ရေးကော်မတီရဲ့ ကိုယ်စားလှယ် ခွန်းအသန်းက “ဆွေးနွေးပွဲမပြီးခင်မှာပဲ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဘက်က ကိုယ်စားလှယ်ဘက်က အစည်းအဝေးပွဲကို ဖျက်သိမ်း ပြီးတော့မှ ထပြန်သွာတဲ့အတွက် အစည်းအဝေးက ဘယ်လိုမှ သဘောတူညီမှုမရဘဲ အဆုံးသတ် သွားတာပေါ့” လို့ ပြောပါတယ်။ အခုလို ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကြေးရုပ်ကန့်ကွက်ရေးကော်မတီတို့က ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ သဘောတူ လက်မှတ်ထိုးခဲ့လို့ ​ပေါ်​ပေါက်​လာတဲ့ ညှိနှိုင်းအစည်း​ဝေးဖြစ်​ပါတယ်​။ အဆိုပါဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဖြစ်စဉ်တွေနဲ့ ပြည်နယ်အစိုးရနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ရေးကော်မတီတို့ရဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အချက် ၆ ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။ “အစိုးရ ပြောတာနဲ့ ကော်မတီတွေ ပြောတာက နည်းနည်းကွဲလွဲမှုတွေရှိတာပေါ့။ အစိုးရကပြောတာက ဒီကကော်မတီပဲ တာဝန်ရှိတယ်လို့ ပြောတယ်။ ဒီကော်မတီကလည်း ခုအချိန်မှာ သူတို့ တာဝန်မရှိတော့ဘူး။ ရွှေ့ဖို့ ပြောင်းဖို့ဆိုတာက အစိုးရမှာ တာဝန်ရှိတယ်။ လွှဲအပ်လိုက်ပြီ။ ဒီရက် လာတဲ့ ကော်မတီကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ လာတာမျိုး မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ အဲလိုပဲမြင်ပါတယ်” လို့ သက်သေအနေနဲ့ တက်ရောက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြောပါတယ်။ ပြည်နယ်အစိုးရနဲ့ ကန့်ကွက်ကော်မတီရဲ့ သဘောတူညီချက်အတိုင်း ကြေးရုပ် ကန့်ကွက်ရေးကော်မတီနဲ့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ ခုလို ပထမဆုံးအကြိမ် တွေ့ဆုံကြတာဖြစ်ပြီး အစည်းအဝေးမအောင်မြင်ဘ ပျက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို ၁ လအတွင်း အကောင်အထည်ဖော်ရမှာဖြစ်ပြီး ရရှိလာတဲ့ သဘောတူညီချက်တွေကို အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာ ဖြစ်​ပါတယ်​။ ဒီနှစ်ဖက်တွေ့ဆုံညှိနှိုင်းတဲ့ ဆွေးနွေးပွဲမှာ ကြေးရုပ်ကန့်ကွက်ရေးကော်မတီဘက်က ကိုယ်စားလှယ် ၆ ဦးနဲ့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဘက်က ၆ ဦးစီအပြင် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်လည်း အသိသက်သေအနေနဲ့ တက်ရောက်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024