Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်- စစ်တွေကားလမ်းတွင် ဗုံး၂ လုံးပေါက်ကွဲ
DVB
·
February 17, 2019
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနဲ့ သဲတော်ကျေးရွာကြား ရန်ကုန်- စစ်တွေ ကားလမ်းမှာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီခွဲလောက်က ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ယိုးတရုတ် ကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီဗုံး ၂ လုံးဟာ စစ်တွေ ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် 250+500 km အနီးမှာ တပြိုင်တည်း ပေါက်ကွဲခဲ့တာလို့ ပေါက်ကွဲတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ယိုးတရုတ်ကျေးရွာသားတဦးက ဒီဗွီဘီကိုပြောပါတယ်။ “ဒီနေ့မနက်ပိုင်း ၁၀ နာရီ မိနစ် ၃၀ လောက်မှာဗုံးနှစ်လုံးပေါက်တာ။ ယိုးတရုတ်နဲ့ သဲတော်ကျေးရွာကြားမှာ ပေါက်တာ။ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ့နော်၊ တလုံးပြီး တလုံးပေါက်ကွဲသွားတာ။ တော်တော်ကျယ်ကျယ် လောင်လောင် ကျနော်တို့ ကြားလိုက်ရတယ်။ ကျနော်တို့ သွားကြည့်တော့ ဒီဓာတ်ပုံမှာ မြင်ရတဲ့အတိုင်းပဲ၊ ကားလမ်းရဲ့အရှေ့မှာ တခု၊ အနောက်ဘက်မှာ တခုရယ်၊ နှစ်လုံးပေါက်တာ။” ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစံအောင်သိန်းက “ကျနော်ကတော့ ပေါက်ကွဲ ကျယ်ကျယ်လောင်လောင်နှစ်ချက်ကြားလိုက်တယ်။ ကျနော်တို့ရွာက သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခုလေးတင်ပဲ သွားကြည့်နေကြပါတယ်။ သူတို့ရောက်လာမှ ဘာဖြစ်တယ်ဆိုတာ ပြောလို့ရမယ်ဗျ။ ထိခိုက်ဒဏ်ရာရတယ် မရဘူးဆိုတာက ကျနော်တို့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။ အခုလိုပေါက်ကွဲဖြစ်သွားတာနဲပတ်သက်လို့ သက်ဆိုင်ရာရဲစခန်းတွေနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ယိုးတရုတ်ကျေးစရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတို့ ဒီကနေ့ မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာအနီးမှာ မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့က တာဝနှ်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။ သတင်း- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024