ရေမြင့်တက်လာပြီး နေအိမ်ထဲ တဦးတည်းကျန်နေသည့် အဘိုးအိုကို သြစတြေးလျရဲ ကယ်ဆယ် (ရုပ်သံ)

ခါးလောက်အထိ ရေတွေမြင့်တက်လာတဲ့ နေအိမ်ထဲမှာ တကိုယ်တည်းကျန်ရစ်ခဲ့တဲ့ အဘိုးအိုတဦးကို သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ရဲတပ်ဖွဲ့ဝင်တဦးက ကယ်ဆယ်ခဲ့တဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲသားကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ အမိအရ မှတ်တမ်းထင်နိုင်ခဲ့တာပါ။ ဗွီဒီယိုဖိုင်ထဲမှာ ရော့မွန့်ရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက မက်ဇ်ဝယ်တန်မှာရှိတဲ့ အသက် ၇၉ နှစ်အရွယ်အဘိုးအို ဒတ်စ်မွန်စမတ်ထံ တရွေ့ရွေ့ချဉ်း ကပ်လာတာ တွေ့ရပါတယ်။ အဘိုးအို စမတ်ဟာ သူ့အိမ်မှာ သူ့ရဲ့အချစ်တော် ခွေးလေးနဲ့အတူ နေထိုင်သူဖြစ်ပြီး အိမ်နီးချင်းတဦးရဲ့သတင်းပေးမှုကြောင့် သူ့ကိုကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်မှာ ရဲတပ်ဖွဲ့ဝင်က စမတ်ကိုမကယ်ခင် သူ့ရဲ့အိတ်ကို အရင်မယူလိုက်တာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ စမတ်ကို ကယ်ထုတ်ဖို့ကြိုးစားခဲ့ပြီး ဒီလိုကြိုးစားရာမှာလည်း စမတ်ဟာ ရေထဲကို တကြိမ်လဲကျသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စမစ်ကို ရဲတပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဆီ အောင်မြင်စွာ ကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။ ကွင်းစလန်းပြည်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးနေသလို ဆည်တွေမှာလည်း ရေလျှံနေပြီး နိုင်ငံတွင်းက ကျွဲနွားထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။ ဒါ့အပြင် ကံကောင်းစွာနဲ့ စမတ်ရဲ့ခွေးလေးကိုလည်း သူ့ရဲ့အိမ်နီးချင်းတဦးက ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up