သာစည်မြို့နယ်တွင် ကျောက်တွင်းပိ၍ အမျိုးသား ၁ ဦး သေဆုံး
DVB
·
February 17, 2019
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဘုရားငါးဆူရွာမှာ ဖေဖော်ဝါရီလ ၁၆ ရက် မနက်က ပုဂ္ဂိကပိုင်ကျောက်တွင်းမှာ ကျောက်တွင်းပြိုကျပြီး ပိခဲ့တဲ့အတွက် အမျိုးသားတဦး သေဆုံးသွားတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
သာစည်မြို့မရဲစခန်း တာဝန်မှူး ရဲအရာရှိက “မျက်နှာပိပြားသွားတယ်။ ခန္ဓာကိုယ်မှာ ပွန်းပဲ့ရာတွေ တွေ့ရတယ်။ သာစည်ဆေးရုံ ပို့ပေးရတယ်။ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။
ဘုရားငါးဆူရွာမြောက်ဘက် ၆ ဖာလုံအကွာရှိ တမာပင်ချောင်း ကျောက်တွင်းမှာ ဘုရားငါးဆူရွာနေ ကိုသိန်းဇော်(၃၁နှစ်) ကျောက်တူးနေစဉ် ကျောက်တောင်နံရံကမ်းပါး ပြိုကျကာ ကျောက်တုံးတွေပိပြီး သေဆုံးခဲ့တာပါ။
ဘုရားငါးဆူရွာနေ အမာခံဦးသန်းဆောင်က “အဲကျောက်တွင်းတွေမှာ မတော်တဆတွေ တောက်လျောက် ဖြစ်တတ်တယ်။ ကျောက်တုံးတွေကို တူးယူပြီး ကျောက်ခွဲစက်နဲ့ကြိတ်ခွဲတယ်။ လမ်းခင်းကျောက် အရွယ်အစား အမျိုးမျိုး လုပ်ကြတာပါ။ အလုပ်လုပ်တဲ့သူတွေ အလုပ်ခွင် ဘေးအန္တရာယ်ကင်းအောင် သက်ဆိုင်ရာတွေက ကူညီပြီး လုပ်ပေးစေချင်တယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။
သာစည်မြို့မရဲစခန်းက ဓမ္မတာအတိုင်း သေတာ ဟုတ်မဟုတ် အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း