Homeမြန်မာသတင်း
မင်းဘူး အမှတ်၂ ဈေးကို ကျပ်သိန်း ၂ သောင်းကျော်ဖြင့် ကိုယ်ထူကိုထ ပြန်ဆောက်မည်
မင်းဘူး အမှတ်၂ ဈေးကို ကျပ်သိန်း ၂ သောင်းကျော်ဖြင့် ကိုယ်ထူကိုထ ပြန်ဆောက်မည်
DVB
·
February 17, 2019
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ၂ ဈေးကို ကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော် ကုန်ကျခံပြီး ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်မယ်လို့ သိရပါတယ်။
မင်းဘူးမြို့ အမှတ်၂ ဈေးဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမစ်ကီက "ဈေးဆိုင်ခန်းအနေနဲ့ ကုန်စုံဆိုင် ၁၇၆ ခန်း၊ စားသောက်ဆိုင် ၂၂ ခန်း၊ ပျံကျဆိုင် ၁၄၆ ခန်း ပါဝင်မှာဖြစ်တယ်။ ဆိုင်ခန်းအားလုံးရောင်းကုန်ပါက ကျပ်နှစ်သောင်း ခုနှစ်ထောင် ကျော်ရရှိမှာဖြစ်ပြီး ပိုလျှံငွေကို ရန်ပုံငွေအဖြစ် ထားရှိမှာဖြစ်တယ်။ ဈေးဆောက်လုပ်မယ့်ကိစ္စက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘောထားပေါ်မူတည်နေပြီး ၂၀၁၈ ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ခဲ့ပေမယ့် လုပ်ဆောင်ချက် မပြနိုင်သေးပါဘူး။ ဈေးသူဈေးသားတွေ ထည့်ဝင်ငွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ချင်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။
မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေဂါလန် ၁၂၀၀၀ ဆန့်တဲ့ ကန်လုပ်ဖို့ရှိပြီး ပိုလျှံငွေနဲ့ မီးသတ်စက်တွေ လုပ်ဖို့ စီစဉ်ထားသလို လုံခြုံရေးအတွက်လည်း CCTV ကင်မရာ အလုံး ၇၀ ကျော်တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းဌေးက "မင်းဘူမြို့မှာ ယခင်ကတည်းက အမှတ် ၂ ဈေးရှိခဲ့ပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ ဈေးသူဈေးသားတွေအားလုံးရဲ့ သဘောတူညီမှု ရယူခဲ့တာပါ။ သက်ဆိုင်ရာ စည်ပင်သာပါရေးဝန်ကြီးဌာနနဲ့ သဘောတူညီလက်မှတ်ရေးထိုးကာ ဈေးတည်တည်ဆောက်မှာဖြစ်တဲ့အတွက် မင်းဘူးမြို့မှာ ဈေးတဈေး ထပ်မံပေါ်ပေါက်လာမှာပါ။ ဈေးသူဈေးသားတွေအပါအဝင် မင်းဘူးမြို့အတွက် အလုပ်အကိုင်အခွင့်လမ်းတွေ ရရှိမှာဖြစ်တယ်” လို့ ပြောပါတယ်။
အမှတ် ၂ ဈေးဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ ဈေးသစ်တခုတည်ဆောက်လိုက်တဲ့အတွက် မင်းဘူးမြို့ အမှတ် ၂ မြို့မဈေး ပျက်စီးခဲ့တာလို့ မင်းဘူးမြို့ခံ ဦးမိုးကျော်ခိုင်က ပြောပါတယ်။
ဒါ့အပြင် အမှတ် ၂ ဈေးဟာ ဆိပ်ကမ်းဈေးတဈေးဖြစ်ပြီး မင်းဘူးခရိုင်အတွင်း ရေကြောင်း၊ ကုန်းကြောင်းနဲ့ သွားလာတဲ့ ပြည်သူတွေလည်း အဆင်ပြေသလို တနေရာတည်း သန့်ရှင်းသပ်ရပ်တဲ့ ဈေးတဈေးဖြစ်လာမှာမို့ မင်းဘူးမြို့ဂုဏ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မင်းဘူး (စကု) မြို့နယ်အတွင်း အမှတ် ၁ မြို့မဈေးကို အဓိကထား အသုံးပြုနေကြပါတယ်။
သတင်း-မင်းထီး