အဖြူရောင်နှင်းတွေအစား အနက်ရောင်နှင်းတွေ လွှမ်းမိုးခဲ့တဲ့ မြို့လေး ၂ မြို့(ရုပ်သံ)

နှင်းတွေထူထူထဲထဲ ကျဆင်းနေတဲ့ ညဘက်မှာ အိပ်မပျော်သေးခင် နောက်နေ့ မနက်လင်းချိန်မှာ ဖြူဖြူဖွေး နှင်းတောကြီးထဲ နိုးထလာရမယ့် အကြောင်းကို လူအများစုက တွေးမိကြပါလိမ့်မယ်။ ရုရှားနိုင်ငံ ကတ်ဇ်ဒေသ မှာရှိတဲ့ ကီဆယ်လက်ခ်နဲ့ ပရိုကိုပီအက်ခ်မြို့တွေက ဒေသခံတွေကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ဒီလိုမျိုး တွေးတောပြီး အိပ်ရာဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် မနက်လင်းချိန်မှာတော့ သူတို့တွေးခဲ့သမျှဟာ လုံးဝမှားယွင်းနေတာ တွေ့ခဲ့ပါတယ်။ အကြောင်းကတော့ အဖြူရောင်နှင်းတွေအစား ဒီမြို့လေးတွေအနှံ့မှာ အနက်ရောင်နှင်းတွေသာ ကြီးစိုးနေလို့ပါပဲ။ မကြာသေးခင်က လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာတဲ့ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေအရ ကျောက်မီးသွေးတူးဖော်ရာ ဒီမြို့လေးနှစ်မြို့မှာရှိတဲ့ လမ်းတွေနဲ့ အဆောက်အဦတွေအားလုံးဟာ အနက်ရောင်အရာဝတ္တုတွေ ဖုံးလွှမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒါတွေဟာ အဖြူရောင်နှင်းတွေပေါ်မှာ ဖုန်းလွှမ်းနေတဲ့ ကျောက်မီးသွေးမှုန်တွေဖြစ်ပြီး ဒေသခံတွေကတော့ သူတို့ရှူရှိုက်နေရတဲ့ လေအရည် အသွေးအပေါ် အလွန်အမင်းကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အရင်တုန်းကလည်း မြို့ပြဧရိယာတွေမှာ  မသန့်ရှင်းတဲ့ နှင်းတွေအကြောင်း မြင်တွေ့ခဲ့ရဖူးပေမယ့် ရုရှားမြို့လေးတွေက ကိစ္စမှာတော့ ပိုပြီးဆိုးရွားနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားဒေသခံတွေက သူတို့ရဲ့ကျန်းမာရေးဆိုင်ရာ ဆိုးရိမ်မှုတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားကာ အနီးအနားမှာရှိတဲ့ ကျောက်မီးသွေးတူးဖော်မှုတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒီလိုတောင်းဆိုနေကြပေမယ့်လည်း ဒီပြဿနာက ရှုပ်ထွေးလို့နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ “ဒီဒေသရဲ့ ဓာတ်ငွေ့ထောက်ပံ့မှုက ဒီမှာရှိတဲ့ အဆောက်အအုံတိုင်းဆီကို မရောက်ရှိ နိုင်ပါဘူး။ ဒါ့ကြောင့် လူနေအိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေအတွက် ကျောက်မီးသွေးလောင်စာကို သုံးစွဲနေရပြီး ဒါက လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ မော်တော်ယာဉ်တွေကလည်း ဒီညစ်ညမ်းမှုအတွက် တာဝန်ရှိပါတယ်” လို့ ဒေသဆိုင် ရာအာဏာပိုင်တဦးက သတင်းမီဒီယာတွေကို ပြောပါတယ်။ လက်ရှိအချိန်မှာ ရုရှားနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒီမြို့နှစ်ခုမှာရှိတဲ့ ကျောက်မီးသွေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး နှင်းနက်တွေနဲ့ ပတ်သက်လို့ တချို့သောလူတွေက ဒါတွေဟာ သာမာန်ထက် ပိုမိုလှပနေတယ်လို့လည်း ရေးသားနေကြတာကို တွေ့ရတယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up