Home
မြန်မာသတင်း
အလုပ်မလုပ်ပါက ပြင်းပြင်းထန်ထန်ကိုင်တွယ်မည်ဟု တနင်္သာရီတိုင်းအစိုးရကို အတိုင်ပင်ခံ သတိပေး
DVB
·
February 16, 2019
ပြည်သူ ကျေနပ်မှု အနည်းဆုံးဟာ တနင်္သာရီတိုင်းဒေသကြီး အစိုးရဖြစ်နေပြီး အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်းထန်ထန်ကိုင်တွယ်သွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တနင်္သာတိုင်းဒေသကြီး ခရီးစဉ်အတွင်း မနေ့က ထားဝယ်လေဆိပ် ခန်းမမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမြောက် ဖျား၊ အရှေ့ဖျား စတဲ့ ဒေသတွေကို သွားရောက်ခဲ့ရာမှာ ၃ နှစ်အတွင်း သိသိသာသာ တိုးတက်လာတာကို တွေ့ခဲ့ရကြောင်း၊ ခရီးစဉ်တွေအတွင်း ပြည်သူလူထု ကျေနပ်မှု အနည်းဆုံးမှာလည်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်နေတာ တွေ့ရတဲ့ လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်း ထန်ထန် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအနေနဲ့ တိုးတက်မှုတွေ နှေးကွေးနေတာ မဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်း တလျှောက် ပြည်သူလူထုနဲ့ တွေ့ဆုံရတာဟာ မိမိတို့အတွက်လည်း ပညာရတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကော့သောင်းမြို့နယ်လူထုတွေ့ဆုံပွဲမှာ “တင်ပြလာတဲ့ အကြောင်းတွေ ရှိပါတယ်။ မေးခွန်းတွေရှိပါတယ်။ အဲဒါတွေကြည့်လိုက်တဲ့အခါ ခပ်တိုတိုပြောရမယ်ဆိုရင် ဒါဟာ တိုင်း အစိုးရကနေ ရှင်းလင်းထားပြီးသားကိစ္စတွေ ဖြစ်ရပါလိမ့်မယ်။ အခု ပြည်နယ်နဲ့ တိုင်း တော်တော်များများကို ရောက်ခဲ့တဲ့အခါမှာ ပြည်နယ်၊ တိုင်းအစိုးရများနဲ့ ပြည်သူလူထု ကြားမှာဆိုရင် နီးကပ်မှုဟာ ရှိသင့်သလောက် မရှိဘူးဆိုတာ သတိပြုမိပါတယ်။ တကယ်ပဲ ပြည်နယ်၊ တိုင်းအစိုးရနဲ့ ပြည်သူလူထုကြားမှာ နီးကပ်မှုရှိတယ်ဆိုရင် တချို့မေးခွန်းတွေက တက်လာစရာ အကြောင်းကို မရှိပါဘူး။ ပြည်သူလူထုကနေ ဒီအဖြေတွေကို သိပြီးသားအခြေအနေဖြစ်ရပါမယ်” လို့ ပြောပါတယ်။ ဥပမာအနေနဲ့ ထပ်တလဲလဲ တောင်းကြတဲ့ ကျောင်းအဆင့်မြှင့်တင်ပေးဖို့၊ ဆေးရုံအဆင့်မြှင့် တင်ပေးဖို့ စတဲ့ ကိစ္စတွေဟာ ဘယ်လိုအချက်အလက်တွေနဲ့ ကိုက်ညီမှ မြှင့်တင်ပေးနိုင်တယ်ဆိုတာ တိုင်း၊ ပြည်နယ် အစိုးရတိုင်းက သိရမယ့်ကိစ္စဖြစ်ပြီး ဒါကို ပြည်သူကိုတဆင့် ချပေးရမယ်လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေအား အမှန်တကယ်မလုပ်နိုင်တာတွေကို ကတိမပေးဖို့လည်း သတိပေးခဲ့ပါတယ်။ တိုင်းအစိုးရအဖွဲ့ဝင်တွေဟာ ပြည်သူတွေနဲ့ ထိတွေ့မှုနည်းနေတာကို တွေ့ရပြီး လူထု လိုအပ်ချက်တွေကို မေးမြန်း၊ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရမယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ရာမှာလည်း အမှန်တကယ်လုပ်နိုင်တာကိုပဲ တိတိကျကျ ဖြေကြားဖို့လိုပြီး လက်တွေ့ မလုပ်ပေးနိုင်တာတွေကို ကတိမပေးကြဖို့လည်း သတိပေးချင်တယ်လို့ ပြောပါတယ်။ “အခုချိန်မှာ ကျမတို့နိုင်ငံဟာ အမျိုးမျိုးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် တိုးတက်မှုစံချိန်က ကျမကတော့ ဘယ်တော့မှ အားမရဘူး။ ကျမက လိုချင်တာ၊ ဖြစ်စေချင်တာတွေက သိပ်များပါတယ်။ တကယ်တော့ မဆိုးပါဘူးလို့ ပြောရမှာပါ။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ဆိုရင် တိုးတက်မှုဟာ သုံးနှစ်ကာလ အတွင်းမှာ မဆိုးပါဘူး။ မဆိုးပါဘူးလို့ ပြောရုံနဲ့မလုံလောက်ဘူး။ ဒါထက်ပိုပြီးတော့ တိုးတက်မှုရှိစေချင်တယ်။ ပြင်ပစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကျမတို့ရဲ့ ညီညွတ်ရေးကိုလည်း ပိုမိုပြီးတော့ ခိုင်ခိုင်မာမာတည်ဆောက်စေချင်တယ်” လို့ပြောပါတယ်။ ကော့သောင်းမြို့တွေ့ဆုံပွဲကို တက်ရောက်လာသူတွေက နေရာချထားပေးရေး၊ တိုင်း အစိုးရအဖွဲ့ အာဏာအလွဲသုံးစား လုပ်၊ မလုပ်နဲ့ အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးပေးရေး၊ တိုင်း အစိုးရအဖွဲ့မှာ လူမှန်၊ နေရာမှန် တာဝန်ပေးအပ်ရေး၊ ကော့သောင်းမြို့မီးလင်းရေးအတွက် တင်ဒါဆောင်ရွက်ခဲ့တာကို ရှင်းလင်းပေးနိုင်ရေး၊ ကော့သောင်းမြို့ ဓာတ်အားပေးစက်အတွက် စက်သုံးဆီ ဈေးနှုန်း လျှော့ချ ပေးရေး၊ ဘုတ်ပြင်းမြို့နယ် နေအိမ်တွေမှ ငှက်တွေလာရောက်ပြီး သဘာဝငှက်သိုက်တွေ ဆောက်နေတဲ့အပေါ် (ငှက်သိုက်ထုတ်ခွင့်) လိုင်စင်ခွင့်ပြုပေးရေး၊ ကော့သောင်း- ဘုတ်ပြင်း ကားလမ်းတလျှောက်က အမှန်တကယ် လုပ်ကိုင်ခွင့်မရှိဘဲ တိုးချဲ့စိုက်ပျိုးထားတဲ့ ဆီအုန်းခြံတွေကို ပြန်လည်သိမ်းယူပြီး အိုးမဲ့၊ အိမ်မဲ့တွေကို ဆီအုန်းစိုက်ပျိုးမှုမှာ အကျိုးရှိ၊ မရှိ စိစစ်သုံးသပ်ပေးရေး၊ ဆီအုန်းကုမ္ပဏီက လုပ်ထားတဲ့ ကျေးရွာအဝင် မောင်းတံဂိတ်ဖယ်ရှားပေးရေး စတာတွေ တင်ပြခဲ့ပါတယ်။ ထားဝယ်က လူထုတွေ့ဆုံပွဲမှာတော့ တိုင်းဝန်ကြီးချုပ်၊ တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ကို သက်ဆိုင်ရာအဖွဲ့နဲ့ စုံစမ်းစစ်ဆေးပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ထားဝယ်လူမျိုးလို့ ရေးသွင်းခွင့်ပြုရေး၊ လျှပ်စစ်ကုမ္ပဏီတခုရဲ့ တင်ဒါစာချုပ်နဲ့ ပတ်သက်ပြီး သိရှိလိုတာ စတာတွေကို မေးမြန်းတင်ပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024