တပ်မတော် တပ်ရင်းမှူး ၂ ဦးထံက ယူသွားသည့်ပစ္စည်းများ RCSS အဖွဲ့ပြန်လည်ပေးအပ်
DVB
·
February 15, 2019
RCSS/SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က ယူဆောင်သွားခဲ့တဲ့ တပ်မတော်အရာရှိ တပ်ရင်းမှူး နှစ်ဦးရဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံး ပြန်လည်ရရှိပြီလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ မိုင်းပျဉ်းနဲ့ ကျိုင်းတုံ အကြား ပြည်ထောင်စု ကားလမ်းမပေါ်မှာ တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာတဲ့ တပ်မတော်တပ်ရင်းမှူး နှစ်ဦးထံက အသုံးဆောင် ပစ္စည်းတွေကို RCSS/SSA အဖွဲ့က ယူဆောင်သွားလို့ အမြန်ဆုံး ပြန်ပေးအပ်ဖို့ တပ်မတော်က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားတာပါ။
ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းမှာ RCSS/SSA အဖွဲ့ တာချီလိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံနဲ့ အဖွဲ့ဝင်တွေက မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်ပြီး ယူဆောင်သွားတဲ့ အသုံးဆောင်ပစ္စည်းတွေအားလုံးကို ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေကို ပြန်လည်မပေးအပ်ပါကလိုအပ်သလိုအရေးယူမှာဖြစ်ပြီး တဖက်သတ် အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ လုံခြုံရေးသတိကင်းမဲ့စွာ ဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော် အရာရှိတွေကိုလည်း စစ်စည်းကမ်းနဲ့အညီ အရေးယူမယ်လို့လည်း တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။