ကင်ညာတွင် လေယာဉ်တစင်းပျက်ကျမှုကြောင့် ၅ ဦး သေဆုံး

1K
ကင်ညာနိုင်ငံ ဂရတ်ရိဖ်တောင်ကြား ဒေသမှာ ဖေဖော်ဝါရီ ၁၃ ရက်က အပေါ့စား လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၅ ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အမေရိကန် နိုင်ငံသား ၂ ဦးနဲ့ ပြင်သစ်နိုင်ငံသား ၁ ဦးတို့ပါဝင်ပါတယ်။ Cessna 206 လေယာဉ်ငယ်ဟာ အရေးပေါ်ဆင်းသက်ဖို့ ကြိုးပမ်းစဉ် သစ်ပင်ကို တိုက်မိပြီး ကယ်ရီချိုစီရင်စုက လယ်ကွင်းထဲ ပျက်ကျခဲ့တာပါ။
အဲဒီလေယာဉ်ငယ်ဟာ မာဆိုင်းမာရာ ဘေးမဲ့တောကနေ နိုင်ငံမြောက်ဖျား တူခါနာစီရင်စုကို ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်ကနေ အကူအညီတောင်းခံချက်ကို ရခဲ့တယ်လို့ ကင်ညာအရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ (KCAA) က သတင်းထုတ်ပြန်ပါတယ်။
လေယာဉ်လယ်ကွင်းထဲဆင်းခါနီးအချိန်မှာ မူမမှန်တဲ့ အသံတွေ ထွက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
လေယာဉ်မှူးက လယ်ကွင်းထဲက လုပ်သားတွေကို ဘေးလွတ်ရာ ပြေးကြဖို့ အချက်ပေးပြီးနောက် လေယာဉ်နောက်ပိုင်းဟာ သစ်ပင်ကို ၀င်တိုက်ပြီး ပျက်ကျခဲ့တာပါ။
မနှစ်တုန်းကလည်း ဒေသခံ FlySax လုပ်ငန်းပိုင် လေယာဉ်တစင်း တောင်နဲ့ ၀င်တိုက်မိပြီး ခရီးသည် ၈ ဦးနဲ့ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပါတယ်။