Home
မြန်မာသတင်း
ဖျာပုံအကျဉ်းထောင်ဝန်ထမ်းထံက စိတ်ကြွဆေးပြား ၃ ပြားဖမ်းမိ
DVB
·
February 14, 2019
ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်ဝန်ထမ်း အမျိုးသားတဦးထံကနေ WY စိတ်ကြွ ဆေးပြားနဲ့ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။ ဖျာပုံအကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး (၁) ဦးကျော်ကျော်ဦး ဦးစီးအဖွဲ့က ကျန်းမာရေးမကောင်းလို့ အလုပ်မဆင်းတဲ့ အကျဉ်းထောင်တပ်သား အာကာစိုးရဲ့ လူပျိုဆောင်ကို သွားရောက်ကြည့်ရှုခဲ့ရာက မူးယစ်ဆေးဝါး တွေ့ရှိခဲ့တာပါ။ တပ်သားအာကာစိုးကို မသင်္ကာတဲ့အတွက် ရှာဖွေခဲ့ရာ အာကာစိုးရဲ့ ဘေးမှာရှိတဲ့ အညိုရောင်ကြောပိုးအိပ်ထဲက အဖြူရောင် ပလတ်စတစ်အိပ်အသေးနဲ့ ထည့်ထားတဲ့ WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား (၃)ပြားနဲ့ မူးယစ်ဆေး သုံးစွဲရာမှာ အသုံးပြုပြီးဖြစ်တဲ့ ခဲစက္ကူ အပိုင်းအစ (၁)ခု၊ရောင်စုံ ဂတ်မီးခြစ် (၃)လုံး သိမ်းဆည်းရမိခဲ့တာပါ။ ဝန်ထမ်းကာအာစိုးဟာ ဖျာပုံ အကျဉ်းထောင်ကို ဖေဖော်ဝါရီ ၁ ရက်ကမှ အလုပ်စတင် ၀င်ရောက်လာပြီး ၁၂ရက်သာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဝန်ထမ်းအသစ်တဦးဖြစ်ပါတယ်။ ဖျာပုံအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးမြင့်သိန်းက “ဖျာပုံအကျဉ်းထောင်အနေနဲ့ မူယစ်ဆေးဝါးနဲ့ပတ်သက်လို့ တင်းတင်းကြပ်ကြပ် ကြပ်မတ်ထားပါတယ်။ အဲဒါကြောင့် ကျန်တဲ့ ဝန်ထမ်းတွေနာမည်မပျက်ရအောင် အခုမူးယစ်ဆေး သုံးစွဲနေသော ဝန်ထမ်းအသစ် အာကာစိုးကို စောင့်ကြည့်လေ့လာပြီး သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့ကို အပ်နှံခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒုရဲမှူး ညီညီလွင်က တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ရာ ဖျာပုံမြို့မရဲစခန်းက မူး/စိတ်ပုဒ်ပ ၁၆(ဂ)နဲ့ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေ ပါတယ်။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024